မြတ်နိုး၊ အောက်တိုဘာ ၂၅ ရက်၊ လိုင်ဇာ
ကချင်တပ်မတော်- KIO/KIA ထိန်းချုပ်ရာ လိုင်ဇာနဲ့ မိုင်ဂျာယန် တရုတ်နယ်စပ်ဂိတ်တွေကို မနေ့ အောက်တိုဘာ ၂၄ ရက် ညပိုင်းကစပြီး အဝင်အထွက် ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မိုင်ဂျာယန် တရုတ်နယ်စပ်ဂိတ်ကနေ ဒီနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ မနက်ကစ ပစ္စည်းနဲ့လူ အဝင်အထွက် ရပြီလို့ပြောတယ်။ ဂိတ်ကိုတော့ မသွားကြည့်သေးဘူး” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အရင်က ဂိတ်တွေ ဖွင့်ပေမဲ့ ကြံအပါအဝင် တရုတ် ကုမ္ပဏီရဲ့ ပစ္စည်းတွေကိုသာ သယ်ယူခွင့်ပြုတာဖြစ်တယ်လို့ သူက ပြောပါတယ်။
“လိုင်ဇာဂိတ်ရော မိုင်ဂျာယန်ဂိတ်ရော ဒီမနက်က စဖွင့်ပြီ။ လူဝင်လူထွက်ရပြီ” လို့ KIA နဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
တရုတ်နဲ့ ကချင်ဘက်ခြမ်းက ကုန်စည်ပစ္စည်းတွေ သယ်ယူခွင့် ရပြီလို့ သူက ပြောပါတယ်။
KIO/KIA ထိန်းချုပ်နယ်မြေက မြေရှားသတ္တုနဲ့ ပတ်ပက်ပြီး အနောက်နိုင်ငံဘက်က ဆက်သွယ် စကားပြောဖို့ရှိကြောင်း သတင်းထွက်ပေါ်လာတဲ့ နောက်ပိုင်း တရုတ်ဘက်က ပြောင်းလဲလာသလို မြေရှားသတ္တုတင်မကပဲ မြန်မာဘက်ခြမ်းက တန်ဖိုးရှိတဲ့ သတ္တုပစ္စည်းတွေ အကုန်သယ်ယူလိုတာကြောင့် နယ်စပ်ဂိတ် ဖွင့်တာလို့ ယူဆရကြောင်း သူက ဆက်ပြောပါတယ်။
KIO/KIA ဗဟိုဌာနကတော့ အောက်တိုဘာ ၂၄ ရက် တရုတ်စံတော်ချိန် ညသန်းခေါင် ၁၂ နာရီကစ လိုင်ဇာနဲ့ မိုင်ဂျာယန် တရုတ်နယ်စပ်ဂိတ်တွေ ဖွင့်မှာဖြစ်ကြောင်း တရုတ်ဘက်က အကြောင်းကြားလာတာဖြစ်ကြောင်း အသိပေး ညွှန်ကြားစာ ထုတ်ထားပါတယ်။
နှစ်နိုင်ငံ နယ်စပ်ဂိတ် လူနဲ့ကုန်စည်ပစ္စည်း အဝင်အထွက် အခြေအနေကို ဒီနေ့ အောက်တိုဘာ ၂၅ ရက်ကနေ နိုဝင်ဘာ ၁ ရက်အထိ အသေးစိတ် စောင့်ကြည့်ပြီး တင်ပြဖို့ မြို့အုပ်ချုပ်ရေး တာဝန်ခံတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။