အိုက်ပွီး၊ မေလ ၁၅ ရက်၊ ကျောက်တော်
အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ ရွာမရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ တိုက်ခိုက်တဲ့အတွက် အရပ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွာမရပ်ကွက် ဆီဆိုင်တန်း စိုက်ပျိုးရေးကျောင်းအနီးတစ်ဝိုက်ကို ဒီနေ့ မေလ ၁၅ ရက် နေ့လယ် ၂ နာရီ ၅ မိနစ်ကစပြီး မိနစ် ၂၀ ခန့်အထိ ပေါင် ၅၀၀ ဗုံးသီးအပါအဝင် အလုံးရေ ၁၀ လုံးထက်မနည်း ငါးမိနစ်ခြား တိုက်ခိုက်ခဲ့တာပါ။
“ဆီဆိုင်တန်း စိုက်ပျိုးရေးကျောင်းအနီးတဝိုက်ကို ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးပတ်ကြဲချသွားတယ်။ ပေါင် ၅၀၀ ဗုံးသီးတွေလည်း ပါတယ်။ လောလောဆယ် သေဆုံးသူ ၇ ဦး စာရင်းရထားတယ်။ ဒီထက် အရေအတွက် ပိုများလာနိုင်ပါသေးတယ်” လို့ ကျောက်တော်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
သေဆုံးတဲ့အထဲ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဗုံးစ ထိမှန်လို့ အရပ်သား ၅ ဦးထက်မနည်း ဒဏ်ရာရရှိပြီး ၎င်းတို့ကို ဆေးရုံ၊ ဆေးခန်း ပို့ဆောင်ထားကာ အရေးပေါ် ကုသမှု လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
“ဒဏ်ရာ ရတဲ့သူတွေလည်း အတော်များတယ်။ ဒီနေ့ညနေ လေကြောင်း တိုက်ခိုက်မှုက ထိခိုက်မှု အတော်များတယ်။ ဒဏ်ရာရတဲ့သူတွေ အကုန်လုံး အတည်မပြုနိုင်သေးဘူး။ အခုရရှိထားတဲ့ စာရင်းအရ ၅ ယောက်လောက်ပဲ ရပါသေးတယ်” လို့ ကျောက်တော်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
လူနေအိမ်နဲ့ ဆောက်အဦးတချို့လည်း ထိခိုက်ပျက်စီးမှု များပေမဲ့ ပျက်စီးမှုစာရင်း အသေးအစိတ်ကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
မနေ့ မေလ ၁၄ ရက်ကလည်း ကျောက်တော်မြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၃ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။