ယာရူစိင်၊ ဇူလိုင် ၂၂ ရက်၊ ကျောက်ဖြူ
ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၁ ပါး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၂၂ ရက် ၁၂ နာရီကျော်မှာ ကျောက်ဖြူမြို့နယ် ကျောက်ပြောက်ရွာရှိ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
ဒေသခံတစ်ဦးက “ဒဏ်ရာရရှိတဲ့ သံဃာတော်က ကျောက်ပြောက်ရွာကို စစ်ရှောင်လာတာပါ။ ဇိုင်ချောင်းရွာက ကျောင်းထိုင်ဆရာတော်ပေါ့။ ကျောင်းတစ်ဆောင်လုံး ပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်တော် ၉၃ နှစ် ဆရာတော် အရှင်အာစိဏ္ဏရဲ့ ဘယ်ဖက်လက်မှာ ဗုံးစထိပြီး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်ကလည်း ကျောက်ဖြူမြို့နယ် ကြတ္တိန်ရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပြာကျခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။