ရွှေဖီမြေ၊ နိုဝင်ဘာ ၁၈ ရက်
ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးသထူခရိုင် ဖားအံမြို့နယ် လူထုတွေအနေနဲ့ စစ်ကောင်စီပြုလုပ်မဲ့ အတုအယောင်ရွေးကောက်ပွဲကို မပူးပေါင်းကြဖို့နဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်ကြဖို့ မနေ့ နိုဝင်ဘာ ၁၇ ရက် ရက်စွဲနဲ့ တိုက်တွန်းထုတ်ပြန်ထားပါတယ်။
ဒူးသထူခရိုင်အနေနဲ့လည်း KNU ဗဟိုရဲ့ သဘောထားကြေညာချက်နဲ့အညီ ရပ်တည်သွားမှာဖြစ်ပြီး ၎င်းတို့ ထိန်းချုပ်ဒေသက လူထုတွေကို လိမ်လည်လှည့်ဖြားမဲ့ ရွေးကောက်ပွဲကိုလည်း လုပ်ခွင့်ပေးမှာမဟုတ်ကြောင်း ဆိုထားပါတယ်။
စစ်ပွဲကြောင့် ရှောင်နေရတဲ့ လူထုတွေ၊ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ လူတွေနဲ့ ဒေသအတွင်း ကျန်ရှိနေတဲ့ လူထုတွေကလည်း ခြိမ်းခြောက်ဖိအားပေးခံနေရတာနဲ့ အတင်းအဓမ္မ မဲပေးခိုင်းတာတွေကို ကြုံနေကြတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ၎င်းထိန်းချုပ်တဲ့ မြို့နယ်တွေမှာ မဲဆွယ်စည်းရုံးတဲ့လုပ်ငန်းတွေ စတင်ပြုလုပ်လာတာနဲ့ လူထုတွေကို မဲပေးဖို့ အတင်းအဓမ္မခိုင်းစေတာတွေ ပြုလုပ်နေတာရှိပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။