လွေးထွေး၊ နိုဝင်ဘာ ၁၄ ရက်၊ မောတောင်
ထိုင်းနယ်စပ် တနင်္သာရီတိုင်း မောတောင်မြို့ကို ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားတပ်မတော် KNU/KNLA က ဦးဆောင်ပြီး အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံတစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။
မောတောင်အခြေစိုက် ခလရ ၂၂၄ ဗျူဟာစခန်းကို နိုဝင်ဘာ ၁၁ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီနေ့ နိုဝင်ဘာ ၁၄ ရက် မနက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်ကိုသိရသူ သတင်းအရင်းအမြစ်က “စခန်းသိမ်းတာ ဟုတ်ပါတယ်။ တော်လှန်ရေးတပ်တွေဘက်က ပြန်ရတာဖြစ်တယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း ဒဏ်ရာရသူအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ ၅၀ ဝန်းကျင်က လက်နက်နဲ့အတူ ထိုင်းဘက်ကို ထွက်ပြေးသွားတယ်လို့ဆိုပေမဲ့ ရွှေဖီမြေကတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်ဟာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မောတောင်မြို့ခံအများစုက ထိုင်းဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။
အဲမြို့သိမ်းတိုက်ပွဲမှာ BPLAဘက်ကလည်း ပါဝင်တိုက်ခိုက်နေပြီး အဲမြို့ကနေ လက်နက်အများအပြားနဲ့ လက်နက်တွေ သိမ်းရဆည်းရမိတဲ့ ဓာတ်ပုံတွေကို BPLA ခေါင်းတောင် မောင်ဆောင်းခက သူ့ရဲ့ လူမှုကွန်ရက်မှာ တင်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ လက်လွှတ်ဆုံးရှုံးထားရတဲ့ သင်္ကန်းညီနောင်၊ မြဝတီ စတဲ့နေရာအများစုကို စက်တင်ဘာလမှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ အခုလိုနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို ပြန်ပြီး လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။