ရွှေဖီမြေ၊ မေလ ၁၅ ရက်
ထိုင်း-မြန်မာ နယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်း-ခလရ ၂၄၊ အမြှောက်တပ်-အမတ ၃၁၁ တာလယ်ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီး ၁ ဦးအပါအဝင် တပ်သား ၉ ဦးသေဆုံး ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ပိုင်ကျူံမြို့နယ် ကာတဲကျေးရွာအနီးမှာ ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ခြေလျင်တပ်ရင်း ခလရ-၂၄၊ အမြောက်တပ် အမတ-၃၁၁ တို့ အခြေစိုက်ထားတဲ့ တာလယ်ဗျူဟာစခန်းကို မေလ ၁၃ ရက် ညနေပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း ခလရ−၂၄ ဒုတပ်ရင်းမှူးက ထွက်ပြေးလွတ်မြောက်နေပြီး KNU အနေနဲ့ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံ ဖမ်းဆီး နေတယ်လို့ဆိုပါတယ်။
တာလယ်ဗျူဟာ စခန်းကို ၁၉၈၆ ခုနှစ်မှာ စစ်ကောင်စီတပ်က တည်ဆောက်ခဲ့ပြီး ၎င်းတို့တည်ဆောက်တဲ့ အချိန်ကစပြီး အနီးဝန်းကျင်မှာရှိ တဲ့ကျေးရွာတွေရဲ့ ဒေသခံတွေ အနေနဲ့ လွတ်လပ်စွာ သွားလာလုပ်ကိုင် ရှာဖွေစားသောက်ခွင့်တွေကို ဆုံးရှုံးခဲ့ရပြီး အဆိုပါစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် အနီးအနားရှိကျေးရွာတွေ အနေနဲ့မူလအခြေအနေတွေအတိုင်း ပြန်လည် လုပ်ကိုင်ရှာဖွေစားသောက် နိုင်တော့မှာဖြစ်တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။