ရဲမာန်၊ ဇွန်လ ၂၂ ရက်၊ ဒီးမော့ဆို
ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်ဦး- KNPLF နဲ့ ဒီးမော့ဆို PDF ပူးပေါင်းပြီး ကရင်နီပြည်နယ် ဒီးမော့ဆို အနောက်ဘက်ခြမ်းက စက်သုံးဆီဈေးနှုန်းကို သတ်မှတ်လိုက်ကြောင်း မနေ့ ဇွန်လ ၂၁ ရက်က ထုတ်ပြန်ထားပါတယ်။
ဓာတ်ဆီနဲ့ ဒီဇယ်ဈေးနှုန်းတွေက ရှိသင့်တဲ့ ဈေးနှုန်းထက် အဆမတန် များတာကြောင့် ဒီးမော့ဆို အနောက်ဘက်ခြမ်းက ဒေသခံလူထု၊ လက်လုပ်လက်စား၊ အထွေထွေ အလုပ်သမား၊ လယ်သမားနဲ့ ဆေးရုံဆေးခန်း ဝန်ထမ်းတွေ အခက်အခဲ ကြုံနေရတာကြောင့် စက်သုံးဆီ ဈေးနှုန်းကို ထိန်းညှိပေးဖို့ မကြာခဏ တိုင်ကြားလာတာ ရှိတယ်လို့ ဆိုပါတယ်။
မူရင်း ဓာတ်ဆီနဲ့ ဒီဇယ်ဈေးနှုန်းရဲ့ ရင်းနှီးမြှပ်နှံမှု၊ အခွန်အခနဲ့ အမြတ်ငွေအားလုံးကို အနီးစပ်ဆုံး တွက်ချက်ပြီးမှ ဓာတ်ဆီ ၁ ပီပါကို ၁၁ သိန်း၊ ဒီဇယ် ၁ ပီပါကို ၁၂ သိန်း သတ်မှတ်လိုက်ပြီး သတ်မှတ်ထားတဲ့ ဈေးနှုန်းထက် ပိုရောင်းရင် ထိရောက်စွာ အရေးယူမယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ဒီနေ့ ဇွန်လ ၂၂ ရက်ကစပြီး ဒီးမော့ဆို အနောက်ဘက်ခြမ်းက ဆီကုန်သည်တွေ သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း တင်သွင်းရောင်းချပေးဖို့ အသိပေး ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။
ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ တိုက်ပွဲကြောင့် ဓာတ်ဆီ စီးဆင်းမှု နည်းပါးလာပြီး ဇွန်လ ၁၇ ရက်က ဓာတ်ဆီ ၁ လီတာကို ၈ ထောင်နဲ့ ၁ သောင်းကြား ပေးပြီးတော့ ဝယ်ယူသုံးစွဲနေရတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောဆိုထားဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။