လွေးထွေး၊ မတ်လ ၂၆ ရက်
ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ကရင်တပ်မတော်- KNU/KNLA နဲ့ လုံးဝ ပတ်သက်ဆက်နွယ်မှု မရှိကြောင်း ဒီနေ့ မတ်လ ၂၆ ရက်မှာ KNLA က ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်က ထိုင်းနိုင်ငံဘက်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ KNU/KNLA နဲ့ ပတ်သက်မှု မရှိတဲ့အပြင် မူးယစ်ဆေး ထုတ်လုပ်တာ၊ ဖြန့်ဖြူးတာ၊ ရောင်းဝယ်ဖောက်ကားတာကိုလည်း နိုင်ငံတကာနဲ့နည်းတူ လုံးဝ အားပေးထောက်ခံမှုမျိုး လုပ်ဆောင်မှာ မဟုတ်ဘဲ ဆန့်ကျင်ရှုတ်ချကြောင်း ရေးသားထားပါတယ်။
KNLA ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက “ကရင်အဖွဲ့တစ်ခုခုက လုပ်တာ သယ်တာဆိုပြီး ကောလဟာလတွေ ထွက်နေလို့။ လူထုတွေကို ယုံထင်ကြောင်ထင် ဖြစ်ကုန်မှာဆိုးလို့ ကျနော်တို့ မဟုတ်ကြောင်း ထုတ်လိုက်တာပါ” လို့ ရွှေဖီမြေသို့ ပြောပါတယ်။
ဒ့ါအပြင် KNU/KNLA ထိန်းချုပ်နေရာမှာလည်း မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်လာရင် အဖွဲ့အစည်းရဲ့ တည်ဆဲဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
အလားတူ မနေ့ မတ်လ ၂၅ ရက်က ထိုင်းနိုင်ငံ မဲဆောက်မှာ မြန်မာဘက်ခြမ်း ပို့မယ့် မူးယစ်ဆေးဝါး ကုန်ကြမ်းပစ္စည်းတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်ကလည်း မြန်မာနိုင်ငံဘက် ပြန်ပို့မယ့် မူးယစ်ကုန်ကြမ်း ဓာတုပစ္စည်းကို သယ်လာတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ပစ္စည်းနဲ့အတူ ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့ပါတယ်။