မိုင်းရူပ၊ နိုဝင်ဘာ ၆ ရက်၊ ဖရူဆို
ကရင်နီပြည် ဖရူဆိုမြို့နယ်ကနေ ဘောလခဲမြို့နယ်ဘက် စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ကရင်နီ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ KNDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကစပြီး ဖရူဆို-ထားလဲ-နန်းဖဲကနေတဆင့် ဘောလခဲမြို့နယ်ဘက် ထိုးစစ်ဆင်နေပြီး အဲဒီလမ်းပိုင်းကို အသုံးမပြုဖို့ KNDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။
“နိုဝင်ဘာလကစပြီး ဖရူဆိုကနေ ထားလဲ–နန်းဖဲကနေ စစ်ကောင်စီ ထိုးစစ် ပြန်ဆင်နေတယ်။ ကျနော်တို့တပ်တွေနဲ့ တိုက်ပွဲ ဖြစ်နေတယ်။ ဖရူဆို-ထားလဲ-နန်းဖဲလမ်းပိုင်းကို အခုတလော ပိတ်ထားရပါတယ်”
တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းပိုင်းအပါအဝင် လမ်းမကြီးပေါ် ဖြတ်သန်းသွားလာတဲ့ လမ်းပိုင်းတွေကို ဒီနေ့ နိုဝင်ဘာ ၆ ရက်ကစပြီး ပိတ်ထားလိုက်ကြောင်း KNDF က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ကရင်နီပြည်မှာ ဖရူဆို-ဘောလခဲ လမ်းပိုင်းအပါအဝင် လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့နဲ့ ဒီးမော့ဆိုမြို့မှာ စစ်တပ်နဲ့ ကရင်နီတော်လှန်ရေးတပ်တွေအကြား ထိတွေ့တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတယ်လို့ KNDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။
ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ကို စစ်တပ်ဘက်က ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်မှာ ပြန်ထိန်းချုပ်ပြီးနောက် ဒီးမော့ဆို-ဖရူဆို-ဘောလခဲလမ်းပိုင်းကို ထိုးစစ်ဆင် တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး စစ်တပ်ဟာ ကရင်နီပြည်ရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို ထိုးစစ်ဆင်နေပြီး မိုးဗြဲနဲ့ ဒီးမော့ဆိုမြို့အပါအဝင် နေရာတချို့ကို ပြန်လည် လက်လွှတ်ခဲ့ရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။