မြတ်နိုး၊ ဇူလိုင် ၁၂၊ ဖားကန့်
မြစ်ကြီးနား – တနိုင်းကြား၊ လီဒိုလမ်းမပေါ်ရှိ ခွန်စိုင်ယန် စစ်ကောင်စီ နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က ကချင်တပ်မတော်-KIA နဲ့ ပူးပေါင်း တပ်ဖွဲ့သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၃ ဦး လက်နက်နဲ့ အတူဖမ်းဆီး ရမိထားကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“တနိုင်းလီဒိုလမ်းပေါ်က ခွန်စိုင်ယန် စစ်ကောင်စီနဲ့ ပြည်သူ့စစ် စခန်းကို သိမ်းပိုက်ခဲ့တယ်။ စစ်ကောင်စီ ၃ ဦးကို လက်နက် အပါဖမ်းမိပါတယ်။” လို့ ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
အဲဒီစစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့က လဂါး ခွန်ဆိုင်ယန် သင်္ချုင်းကုန်းနား နေရာယူ တပ်စွဲထားတာဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်နေ့ မနက် ၄ နာရီ ခန့်က စတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“တိုက်ပွဲက ၂ နာရီ ဝန်းကျင်ကြာတယ်။ စစ်ကောင်စီ ဘက်က ၇ ယောက် သေတယ်။ ၃ ယောက် အရှင် ဖမ်းမိတယ်” လို့ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
လဝါးနဲ့ ခွန်စိုင်ယန်တကြော လှုပ်ရှားနေတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်း အင်အား ၃၀၀ ခန့် ရှိနေပြီး တနိုင်း အတက်အဆင်းလမ်းကိုတော့ လဝါးမှာ မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့က ပိတ်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလခန့်ကတည်းက လီဒိုလမ်းမပေါ် လဝါးအနီးဝန်းကျင်မှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့နဲ့ KIA ပူးပေါင်း တပ်ဖွဲ့တို့ အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွား နေပြီး စစ်ရေး တင်မားနေတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။