မြတ်နိုး၊ ဩဂုတ် ၁၇ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်က ပရဟိတတစ်ဦး ဩဂုတ် ၁၃ ရက် ညပိုင်းမှာ ကချင်တပ်မတော်- KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာ ခံထားရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ပရဟိတ အစ်ကိုတစ်ယောက် ဖမ်းခံရတာ ဟုတ်တယ်ဗျ။ ဘာကြောင့် ဖမ်းတာကိုတော့ အတိအကျ မသိရသေးဘူးဗျ။ တောက ဖမ်းတာပါ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက် ည ၁၁ နာရီခန့်က မထင်မှတ်ဘဲ ဖမ်းသွားတာဖြစ်ပြီး အမြန် ပြန်လွတ်ပေးစေချင်တယ်လို့ သူက ပြောပါတယ်။
“သူက နိုင်ငံရေးသမား မဟုတ်ပါဘူး။ ပရဟိတ၊ လူမှုကူညီရေးတွေ လုပ်နေတဲ့ ပရဟိတသမားတစ်ယောက်ပါ။ အမြန်ဆုံး ပြန်လွတ်ပေးစေလိုပါတယ်” လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဘယ်ကို ဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာလည်း မသိရသလို ဘာကြောင့် ဖမ်းဆီး ခေါ်ဆောင်သွားတာလဲဆိုတာလည်း မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဒေသခံတချို့ကတော့ လူမှား ဖမ်းဆီးတာဖြစ်နိုင်ပြီး လူမှုကယ်ဆယ်ရေး ပရဟိတသမား ဖြစ်တာကြောင့် ပြန်လွှတ်ပေးဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။