ယာရူစိင်၊ မေလ ၁၅ ရက်၊ ကောလင်း
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ခြမ်း ကညို့အင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မေလ ၁၄ ရက် ည ၁၀ နာရီ ၂၃ မိနစ်အချိန်မှာ ကောလင်းမြို့နယ် ကညို့အင်းရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လူထိခိုက်မှုတော့ မရှိဘူး။ ပေါင် ၃၀၀ နှစ်လုံးချတာ။ တစ်လုံးက အိမ်ရှေ့မှာ ကျတယ်။ တစ်လုံးက အိမ်ရှေ့ လှေကားဘေးမှာကျတယ်။ နှစ်လုံးစလုံး မကွဲသေးဘူး “လို့ ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၉ ရက် ကလည်း ကောလင်းခရိုင်ဖြစ်တဲ့ ဝန်းသိုမြို့နယ် နန်းခမ်းကျေးရွာဆေးရုံအနီးကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂၀ ကျော် သေဆုံးပြီး ၅၀ ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် မနေ့ မေလ ၁၄ ရက် ည ၁၁ နာရီခွဲဝန်းကျင်အချိန်မှာ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကျေးရွာတစ်နေရာမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီစီတပ်က စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ရခိုင်နဲ့ရှမ်းမြောက်ဒေသတွေကို နေ့စဉ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေလို့ နေ့စဉ်လူထိခိုက် သေဆုံးမှုတွေလည်း ရှိနေပါတယ်။