မိုင်းရူပ၊ အောက်တိုဘာ ၁၈ ရက်၊ သီပေါ
စစ်ကောင်စီတပ်ဟာ သီပေါမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် သီပေါ-နမ္မတူလမ်းပေါ်ရှိ ခြေလျင်တပ်ရင်း ၂၃ တပ်အထိ ရောက်ရှိလာတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၈ ရက်အထိ စစ်ကောင်စီတပ်ဟာ အရင်က စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း–၅၀၃ နဲ့ ၅၀၄ တပ်မှာ တအာင်းတပ်မတော်–TNLA တပ်ဖွဲ့ဝင်တွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။
“ဒီနေ့အထိ စကစဘက်က ၂၃ တပ်အထိ ရောက်ပြီး။ ၅၀၃၊ ၅၀၄ မှာတော့ TNLA တွေရှိသေးတယ်။ စကစဘက်က ရှေ့ဆက်တိုးနိုင်တာတော့ မရှိသေးဘူး” လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့မှာတော့ နမ္မတူနဲ့ သီပေါမြို့နယ်ကို ဆက်သွယ်ထားတဲ့ မိုးတေတံတား ကျိုးကျပျက်စီးသွားကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွေမှာ ရေးသားဖော်ပြနေကြပြီး ရွှေဖီမြေက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
သီပေါမြို့ကို ပြန်ရဖို့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ပထမအပတ်က စပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂ ပတ်ကျော်အကြာမှာ မနေ့ အောက်တိုဘာ ၁၈ ရက်မှာ သီပေါမြို့ကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
သီပေါမြို့ကို တအာင်းတပ်လက်လွှတ်ခဲ့ရပြီးနောက် လက်ရှိမှာ မန္တလေး–လားရှိုး ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီဘက်က ပြန်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။