မိုင်းရူပ၊ အောက်တိုဘာ ၁၈ ရက်
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဝ ပြည်နယ် လိုချင်ရင် ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲ တောင်းဆိုဖို့ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)ရဲ့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ပြောပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် အခမ်းအနား ကျင်းပတဲ့ နောက်ဆုံးရက် မနေ့ အောက်တိုဘာ ၁၇ ရက်မှာ ဒုဗိုလ်ချုပ်ကြီး ရာပြည့်က အခုလို ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
“ဝ ပြည်နယ် လိုချင်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲဝင်၊ လွှတ်တော်ထဲဝင်ပြီးမှ တောင်းဆိုပါ” လို့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
NCA လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကို UWSA အပါအဝင် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတချို့ တက်ရောက်ခဲ့ပါတယ်။
UWSA ကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း ပြောကြားခဲ့ပြီး UWSA ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပခွင့် မရခဲ့ပါ။
လက်ရှိ UWSA ထိန်းချုပ်ဒေသတွေမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စတဲ့ အဖွဲ့အစည်းအခြေအနေများကို UWSA ရဲ့ ထိန်းချုပ်မှုအောက်မှာသာရှိပြီး ဗဟိုအစိုးရထိန်းချုပ်မှုအောက် မရှိပါ။
UWSA ဟာ ၁၉၈၉ ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ်ရပ်သွားခဲ့ပြီး ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်းမြို့နယ်တို့ကို ခရိုင်နှစ်ခုခွဲကာ “ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် သတ်မှတ်ပေးခံခဲ့ပါတယ်။
ဒါ့အပြင် UWSA ဟာ အပစ်ခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ ပြည်ထောင်စုအဆင့် ချုပ်ဆိုထားပေမဲ့ NCA မှာတော့ ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။