လွေးလာဝ်ဇာရ်၊ အောက်တိုဘာ ၁၄ ရက်၊ နမ့်ဆန်
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် အုမ်းမစွမ်ကျေးရွာထဲကို လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၄ ရက် မနက် ၇ နာရီဝန်းကျင်မှာ လေယာဉ်တစ်စီးနဲ့ ဗုံး ၄ လုံး လာရောက်ကြဲချခဲ့တာဖြစ်ပြီး ဒေသခံတွေရဲ့ နေအိမ် ၄ လုံးလည်း ထိမှန် ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက “ဒီမနက်မှာ လာကြဲသွားတာ။ ဗုံး ၄ လုံးနဲ့ လာကြဲသွားတာ။ နေအိမ်တွေလည်း ထိတယ်။ နှစ်ယောက်က ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။
ဗုံးကြဲမှုကြောင့် ဒဏ်ရာရသွားတဲ့ ကလေး နှစ်ဦးဟာ အသက် ၁၇ နှစ်ရှိပြီဖြစ်တဲ့ မတင်းတင်းနွယ်နဲ့ အသက် ၁၅ နှစ်ရှိပြီဖြစ်တဲ့ မမေတင်းနွယ်တို့ ညီအစ်မနှစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
မနေ့ အောက်တိုဘာ ၁၃ ရက်မှာလည်း နမ့်ဆန်မြို့နယ် ကယားကြီးကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းဆောင်နဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး ၁ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ တအာင်းတပ်ထိန်းချုပ်ထားတဲ့ မြို့၊ ကျေးရွာတွေကို ဗုံးဆက်တိုက်ကြဲနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်ကနေ မနေ့ ၁၄ ရက်အထိ ၉ ရက်အတွင်း ကလေး (၄) ဦးအပါအဝင် (၃၁)ဦးသေဆုံးခဲ့ပြီး ကလေး (၁၁) ဦးအပါအဝင် (၂၉) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။