ရွှေဖီမြေ၊ ဒီဇင်ဘာ ၁၅ ရက်
၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့တဲ့ အာရက္ခတပ်တော်- AA အပါအဝင် တအာင်းတပ်- TNLA နဲ့ ကိုးကန့်တပ်- MNDAA တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် လူထုတွေရဲ့ လူမှုစီးပွားအခြေအနေ ပိုဆိုးရွာစေခဲ့တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြစ်တင်ပြောဆိုလိုက်ပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်မှာ ကျရောက်တဲ့ ၅၁ နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စစ်ခေါင်းဆောင်ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလိုဖော်ပြထားတာ ဖြစ်ပါတယ်။
ခေတ်အဆက်ဆက် လက်နက်ကိုင်တိုက်ခိုက်မှုတွေဟာ နိုင်ငံရေးအကြောင်းပြပြီး လွဲမှားတဲ့ အကြမ်းဖတ်လုပ်ရပ်သာဖြစ်ကြောင်းနဲ့ ပြည်ထောင်စုကို အတူတကွ တည်ဆောက်ဖို့ထက် သီးခြားရပ်တည်လိုစိတ်ကို ရှေ့တန်းတင်နေတယ်လို့ စစ်ခေါင်းဆောင်က စွပ်စွဲထားပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးအတွက် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်- NCA လမ်းကြောင်းအတိုင်း လျှောက်လမ်းတာကသာ အေးချမ်းသာယာတဲ့ နိုင်ငံတော်ကို တည်ဆောက်နိုင်မှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ရခိုင်ပြည်နယ်နေ့မှာ ထည့်သွင်းပြော ကြားထားပါတယ်။
စစ်ကောင်စီတပ်ဟာ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၃၀ ကျော်ကို လက်လွှတ်ခဲ့ရပြီး တိုင်းစစ်ဌာနချုပ် ၂ ခုအထိ လက်လွှတ်ခဲ့ရပါတယ်။
၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းကစပြီး တရုတ်နိုင်ငံရဲ့ အကူအညီအနဲ့ ရှမ်းမြောက်ရှိ TNLA နဲ့ MNDAA ထိန်းချုပ်ထားတဲ့မြို့တချို့ကို တရုတ်အကူအညီနဲ့ ပြန်ရခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ AA ထံ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို စစ်ကောင်စီက ပြန်လည်သိမ်းယူနိုင်တာမရှိဘဲ AA ထိန်းချုပ်ဒေသတွေကို လေကြောင်းနဲ့ နေ့စဥ်လိုလို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။