ယာရူစိင်၊ ဩဂုတ် ၂၆ ရက်၊ မိုးကုတ်
မနေ့ ဩဂုတ် ၂၅ ရက် ည ၁၁ နာရီဝန်းကျင်မှာ မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်း စည်ပင်သာယာရပ်ကွက်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့နေအမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မိုးကုတ်အရှေ့ပိုင်း စည်ပင်သာယာရပ်ကွက်ရှိ ဆင်တောင်ကျောင်းအနီးကို စစ်တပ်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက “အထိအခိုက်တော့ ၁ ယောက် ထိတာပါ။ နေအိမ်ပျက်စီးတာကတော့ ပိုများတာပေါ့နော်။ Y12 နဲ့ ဗုံး ၂ လုံး ကြဲခဲ့တာပါ။ တချို့နေအိမ်တော့ ဗုံးစထိမှန်တာတော့ ရှိပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စည်ပင်သာယာရပ်ကွက်ရှိ နေအိမ် ၅ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ ဩဂုတ် ၂၅ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာလည်း ကျောက်မဲမြို့အနီး ပိန္နဲကုန်းရွာ ဝါဆိုကျောင်းအနီးကို စစ်တပ်က ဂျက်လေယာဥ်နဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကိုရင် ၃ ပါး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အလုံး ၂၀ နီးပါး ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်ကလည်း မိုးကုတ်မြို့အနောက်ပိုင်းရှိ ကျပ်ပြင်နာရီစင်အနီးမှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက် မနက် ၉ နာရီခန့်ကလည်း မိုးကုတ်မြို့အရှေ့ပိုင်းကို ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၁ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့သလို ဩဂုတ် ၁၄ ရက်မှာလည်း မိုးကုတ်မြို့အရှေ့ပိုင်း ရွာသစ်နဲ့ ရွှေကူကြားမှာရှိတဲ့ ငါးပတ်တောင်မှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၂၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀ ဦး ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။