ရွှေဖီမြေ၊ စက်တင်ဘာ ၁၅ ရက်
စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲက မဲဆန္ဒနယ် ၁၂၁ ခုကို ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က မနေ့ စက်တင်ဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့မရှိတဲ့ မဲဆန္ဒနယ်ထဲမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၅၆) နယ်၊ အမျိုးသားလွှတ်တော် နိုင်သူအကုန်ယူစနစ် (FPTP) (၉) နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၅၆) ပါဝင်ပါတယ်။
ရွေးကောက်ပွဲမကျင်းပမယ့် နယ်မြေတွေထဲ ရှမ်းမြောက်မှာ တအာင်းတပ်မတော် – TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်းနဲ့ မိုးမိတ်မြို့နယ်တွေ ပါဝင်ပါတယ်။
ကိုးကန့်တပ်မတော် – MNDAA ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ ရွေးကောက်ပွဲမကျင်းပမယ့် နယ်မြေတွေထဲ သိန္နီ၊ လောက်ကိုင်၊ ကွမ်းလုံနဲ့ ကုန်ကြမ်းမြို့နယ်တွေ ပါဝင်ပါတယ်။
ရွေးကောက်ပွဲမကျင်းပနိုင်မယ့် ကျန်မြို့နယ်တွေထဲမှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် – KIA ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့၊ မိုင်းလားတပ် – NDAA ထိန်းချုပ်ထားတဲ့ မိုင်းလားမြို့နဲ့ “ဝ” တပ်ဖွဲ့ – UWSA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေ ပါဝင်ပါတယ်။
တစ်ဖက်မှာလည်း ရွေးကောက်ပွဲမကျင်းပမယ့် နယ်မြေတွေထဲမှာ တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ သီပေါမြို့နယ်တွေကို ထည့်သွင်းထားတာ မတွေ့ရဘဲ စစ်ကောင်စီဘက်က ရွေးကောက်ပွဲမတိုင်ခင် အဲမြို့နယ် ၂ ခုကို ပြန်လည်သိမ်းပိုက်ဖို့ လုပ်တာဖြစ်နိုင်တယ်လို့ သုံးသပ်ချက်တွေ ရှိနေပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာလည်း ရွေးကောက်ပွဲမကျင်းပမယ့် နယ်မြေတွေထဲမှာ အာရက္ခတပ်တော် – AA ထိန်းချုပ်ထားတဲ့ အမ်း၊ တောင်ကုတ်၊ သံတွဲနဲ့ ဂွမြို့နယ်တွေ ချန်လှပ်ထားတာ တွေ့ရပါတယ်။
စစ်ကောင်စီတပ်ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲ ပထမအပိုင်းကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ပြုလုပ်မယ့်အတွက် အပိုင်း ၃ ပိုင်းနဲ့ ကျင်းပသွားမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ – NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ထုတ်ပြောထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။