မိုင်းရူပ၊ မတ်လ ၂၉ ရက်၊ ညောင်ရွှေ
ရှမ်းတောင် အင်းလေးဒေသ ညောင်ရွှေမြို့နယ် နန်းပန်မြို့မှာ ငလျင်ဘေးဒဏ်အဆိုးဆုံး ခံနေရပြီး သေဆုံးသူ အလောင်း ၆၀ နီးပါး တွေ့ရှိထားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ မတ်လ ၂၉ ရက်အထိ နန်းပန်မြို့အနီးက ကေလာရွာမှာ အလောင်း ၅၀ ကျော်၊ ကြတောရွာက ၅ လောင်းနဲ့ သလဲ့ဦးရွာမှာ ၂ လောင်း တွေ့ရှိထားပြီး နေအိမ်အများစုလည်း ပျက်စီးကုန်တယ်လို့ ဆိုပါတယ်။
ထိခိုက်သေဆုံးမှု အများဆုံးဟာ ရေပေါ်က ကျေးရွာ အများဆုံး ဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကြာတောရွာက အိမ် ၂၄၆ လုံး ရှိတာ။ ၂၄၀ လုံးက ပြားပြားဝပ်ကုန်ပြီ။ ကျန်တဲ့အိမ်က စောင်းနေလို့ လူမနေရဲဘူး။ နန်းပန်နားက ရေထဲက ရွာတွေဘဲဖြစ်တာ”
ငလျင်ဘေးဒဏ် ခံရတဲ့ ကျေးရွာတွေကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲ ၂၀၀ ကျော်လည်း ကူညီကယ်ဆယ်ရေး လာလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
မနေ့ မတ်လ ၂၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ မန္တလေးတိုင်းမှာ ထိခိုက်သေဆုံးမှု များပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မှာလည်း ထိခိုက်မှု အများစု ရှိခဲ့ပါတယ်။
ဒီနေ့ မတ်လ ၂၉ ရက် မနက်ပိုင်းအထိ နိုင်ငံတစ်ဝန်းမှာ ငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁,၀၀၂ ဦးနဲ့ ဒဏ်ရာရသူ ၂,၃၇၆ ဦး ရှိလာပြီလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
နောက်ဆက်တွဲ ငလျင်ငယ် လှုပ်ခတ်မှု ထပ်မံ ဖြစ်ပွားခဲ့တာကြောင့် လူထုတွေအနေနဲ့ ဘေးလွတ်ရာ တိမ်းရှောင်တိမ်းကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။