အိုက်ပွီး၊ ဇူလိုင်လ ၉ရက်၊ ရိဒ်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာ-အိန္ဒိယ နယ်စပ်တံတား ပိတ်ထားပြီး အိန္ဒိယဘက်က လုံခြုံရေး တိုးမြှင့်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက် မနက်က ဖြစ်ပွားခဲ့တဲ့ ရိဒ်ခေါဒါရ်မြို့ တိုက်ပွဲမှာ CDF-Hualngoram နဲ့ CNDF တို့ ပစ်ခတ်တဲ့ သေနတ်ကျည်ဆန် မီဇိုရမ်ပြည်နယ်ဘက် ကျရောက်ပြီးနောက် အခုလို လုပ်ဆောင်လာတာဖြစ်ပါတယ်။
“ရိဒ်ဘက်က သေနတ်ကျည်ဆန်တွေ မီဇိုရမ်ဘက် ကျတော့ ရွာသားတွေ ထိခိုက်မှုမရှိပေမယ့် စိုးရိမ်ထိတ်လန့်နေကြတယ်လေ။ ဒါကြောင့် တံတားကို ဇူလိုင်လ ၇ ရက်နေ့ညက ပိတ်ထားပြီး အိန္ဒိယဘက်က စစ်တပ်တွေ နယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်ထားတယ်။”လို့ ရိဒ်ခေါဒါရ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အိန္ဒိယဘက်က နယ်စပ်တံတား ပိတ်ထားပြီး လုံခြုံရေး တိုးမြှင့်ထားတဲ့အတွက် ရိဒ်ခေါဒါရ်ဘက်က ပြည်သူတွေ အိန္ဒိယဘက် ထွက်ပြေးစစ်ဘေးရှောင်မယ်သူတွေ အခက်တွေ့နေရတယ်လို့ သိရပါတယ်။
“ရိဒ်ခေါဒါရ်မြို့ထဲက ပြည်သူတွေအားလုံးက မိဇိုရမ်ဘက်က ရောက်ကုန်ပြီ။ အခု ရိဒ်-တီးတိန် ကားလမ်းက ပြည်သူတွေ စစ်ဘေးရှောင်ဖို့ အိန္ဒိယဘက်က တံတားပိတ်လိုက်လို့ အခက်တွေ့နေရတယ်။ တခြားလမ်းနေရာကနေ ဝင်မယ်ဆိုလည်း နယ်စပ်တလျှောက်မှာ အိန္ဒိယ စစ်တပ်တွေ လုံခြုံရေး အပြည့် ချထားတယ်။” လို့ ရိဒ်ခေါဒါရ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ဆက်ပြောပါတယ်။
ရိဒ်ခေါဒါရ်မြို့ တိုက်ပွဲတွင်း မြန်မာပြည်သူ ၃,၀၀၀ ကျော်ဟာ အိန္ဒိယနိုင်ငံ၊ ကျန်ဖိုင်ခရိုင်၊ ဇိုခေါထာရ်ကျေးရွာမှာ ထွက်ပြေးစစ်ဘေးရှောင်နေရပြီး ၎င်းတို့ဟာ နေစရာ၊ စားစရာ ခက်ခဲနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
လက်ရှိ ရိဒ်ခေါဒါရ်မြို့မှာ တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် နှစ်ဖက်စစ်ရေးတင်းမာနေပြီ အချိန်မရွေး တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ထားပါတယ်။
စစ်ကောင်စီထံမှ ၂၀၂၃ ခုနှစ်ကတည်းက CDF-Hualngoram သိမ်းပိုက်ထားတဲ့ ရိဒ်ခေါဒါရ်မြို့ကို CNDF က ပြီးခဲ့တဲ့ ဇူလိုင်လ ၅ရက်နေ့မှာ ပြန်လည် သိမ်းပိုက်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။