မြတ်နိုး၊ ဩဂုတ် ၁၇ ရက်၊ အင်းတော်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မမုန်ကိုင်ကျေးရွာအုပ်စု မမုန်ကိုင်နဲ့ မိုင်းနောင်ရွာဘက်က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဆုတ်ခွာထားတဲ့ တပ်စခန်း ၂ နေရာကို မနေ့ ဩဂုတ် ၁၆ ရက်က ပြန်လည် သိမ်းပိုက်ရရှိခဲ့ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ဩဂုတ်လ ၁၄ ရက်နေ့က ဆုတ်ခွာထားတဲ့ အင်းတော်ကြီးဒေသက မမုံကိုင်နဲ့ မိုင်းနောင်ကို ဩဂုတ်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်” လို့ ရှေ့တန်းနဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
မမုံကိုင်နဲ့ မိုင်းနောင် ပြန်လည် သိမ်းပိုက်ချိန် သုံ့ပန်းနဲ့ ခဲယမ်းတချို့လည်း ရရှိခဲ့ပြီး စစ်တပ်နဲ့ SNA (ရှမ်းနီ အမျိုးသားများ တပ်မတော်) ပူးပေါင်းတပ်ဖွဲ့တချို့ လုံးတုံ စစ်တပ်စခန်းဘက် ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
“အင်းတော်ကြီးဒေသဘက် KIA တပ်ရင်း ၂၆ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဩဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြားက နေရာတချို့ ပြန်ရတယ်။ လက်နက်ခဲယမ်း ပစ္စည်းတချို့လည်း သိမ်းပိုက်ရရှိတယ်လို့ သိရတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
မနေ့ ဩဂုတ် ၁၆ ရက်ဟာ အင်းတော်မြို့ကို စသိမ်းတဲ့ တစ်နှစ်ပြည့်တဲ့နေ့ပဲ ဖြစ်ပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ် ဩဂုတ် ၁၆ ရက်က စတင်ခဲ့ပြီး ၈ လနီးပါးအကြာ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။