အိုက်ပွီး၊ ဇူလိုင်လ ၁၁ရက်၊ ရခိုင်
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ၆ မြို့နယ်ခန့်မှာ မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်၊ ချောင်းရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံမူဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့မှစပြီး ရခိုင်ပြည်နယ်အနှံ့မှာ မိုးအဆက်မပြတ် ရွာသွန်း၍ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏကျွန်း၊ ဘူးသီးတောင်၊ မောင်တော စတဲ့မြို့နယ်တွေမှာ ရေကြီး၊ ရေလျှံမှုဖြစ်ပြီး လူနေအိမ်အများပြား ရေမြှုပ်ခဲ့ပါတယ်။
“မင်းပြားမှာ တောက်လျှောက် မိုးတွေရွာနေသေးတယ်။ လေးမြိုမြစ်ရေ မြင့်တက်လို့ ရွာပေါင်း ၃၀ လောက် ရေမြှုပ်တယ်။ တချို့မြစ်ချောင်းကမ်းနားက ကျေးရွာတွေဆို ကမ်းပါးပြိုလို့ အိမ်တွေပါပြိုကျတယ်။ ထောင်နဲ့ချီလူတွေ ဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်ရတယ်။”လို့ မင်းပြားဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အလားတူ ဘူးသီးတောင်မြို့နယ်မှာလည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမူဖြစ်ပြီး တောင်ဘဇာ၊ သရဖီ၊ ပီရွှက်၊ ဗဟိုပြင်ရွာဟောင်း၊ ဗဟိုပြင်ရွာသစ် စတဲ့ကျေးရွာတွေအပြင် ရွာပေါင်း ၃၀ ခန့်ဟာ ရေမြှုပ်ခဲ့ပါတယ်။
“တချို့ကျေးရွာတွေက ကုန်းမြင့်အပိုင်းမှာ ပြောင်းရွှေ့နေထိုင်ကြသူတွေရှိတယ်။ တချို့ရွာတွေကျတော့ ပြောင်းရွှေ့ဖို့ နေရာမရှိတဲ့ရွာတွေလည်းရှိတယ်။ မိုးကတော့ ရွာလိုက်၊ တိတ်လိုက်ပါ။ မိုးတိတ်ရင် ရေက ချက်ချင်းပြန်ကျပါတယ်။”လို့ ဘူးသီးတောင်မြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ရေမြှုပ်သွားပြီး ပြောင်းရွှေ့နေထိုင်ကြတဲ့ ရေဘေးသင့်ပြည်သူတွေဟာ အရေးပေါ် အမိုးအကာ၊ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
“အမိုးကာ ကတော့ အရမ်းလိုတယ်။ မိုးရွာရင် တဲဆောက်ရင် အမိုးက လိုတယ်။ အခုကူညီကယ်ဆယ်ရေးလုပ်ပေးတဲ့သူမရှိဘူး။ ကိုယ်ထူကိုယ်ထ လုပ်နေရတယ်။ ကလေးငယ်တွေဆို အအေးပတ်ပြီး ဖျားနာတာရှိတယ်။ စားစရာတွေလည်း လိုအပ်တယ်။”လို့ ကျောက်တော်မြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဇူလိုင်လ ၁ရက်နေ့ကစပြီး ရွာသွန်းတဲ့ မိုးကြောင်း ရခိုင်ပြည်နယ်က စိုက်ပျိုးထားတဲ့ လယ်ဧက ထောင်နဲ့ချီ ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။