ဇူလိုင် ၂၈၊ ရွှေဖီမြေ
မိုင်းယော်နဲ့တန့်ယန်းမြို့ရှိ တောင်ပေါ်ကျေးရွာတွေမှာ ကလေးငယ်အများအပြား ယားနာမျိုးစုံဖြစ်ပွါးနေပြီး ဆေးကုသမယ့် ဆေးပေးခန်းတွေမရှိတာကြောင့် အခက်တွေ့နေကြတယ်လို့ အဲဒေသတွေဘက်ကို ကွင်းဆင်းနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်း အဲတောင်ပေါ်ကျေးရွာတွေမှာ ကိုယ်ထူကိုယ်ထဆေးပေးခန်းတွေရှိပေမယ့် အဲဆေးခန်းတွေ ပိတ်သွားတာကြောင့် အခက်တွေ့နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ရောဂါကတော့ မျိုးစုံပဲ။ အဓိကတော့ ယားနာပေါ့။ ပြီးတော့ ရေဖျင်းဖြစ်တဲ့လူကော ဖျားတဲ့လူတွေကော စုံနေတာပဲ။ အဓိက အရင်လို ဆေးခန်းမရှိတာက ပြဿနာဖြစ်နေတာ”လို့ ဆိုပါတယ်။
လက်ရှိ အဲဒေသတွေဘက်ကို ကျန်းမာရေးစောက်ရှောက်မှုပေးနိုင်တဲ့ အဖွဲ့အစည်းတွေရှိရင် သွားရောက်ကူညီပေးစေလိုတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေမှာ ရွှေဖီမြေက ကွင်းဆင်းသတင်းရယူချိန်တိုင်း အဲတောင်ပေါ်ကျေးရွာတွေမှာ နှစ်စဉ်အလိုက် ရာသီဥကြောင့်နဲ့ဆေးကုသခွင့်တွေ မရရှိတာတွေကြောင့် လူသေဆုံးမှုတွေ မကြာခဏကြုံတွေ့ခဲ့ရဖူးပါတယ်။
အဲတောင်ပေါ်ကျေးရွာအများစုဟာ ဝေးလံခေါင်ဖျားတဲ့ဒေသက ဖြစ်ကြပြီး သန်ခေါင်လူဦးရေ စာရင်းထဲမပါဝင်သလို အများစုက မှတ်ပုံတင်တွေလည်း မရှိကြပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။