အင်းငယ်၊ ဇူလိုင် ၂၉၊ ပင်းတယ
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယနဲ့ ရွာငံမြို့နယ်မှာ မနေ့ ဇူလိုင် ၂၈ရက်ကစပြီး မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး သွားရေးလာရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ပင်းတယမြို့နယ်တွင်းက မိုင်အင်ရွာအဝင် တံတား၊ ဖနန်နဲ့ သိမ်ကုန်းရွာတို့ကို ဆက်သွယ်ထားတဲ့ တံတား၊ ဖောင်းပြားနဲ့ မြေနီကုန်းရွာတို့ကို ဆက်သွယ်ထားတဲ့ တံတားတွေ ကျိုးကျပျက်စီးနေပြီး တာဝန်ရှိသူတွေဖက်က လာရောက်ကြည့်ရှုတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
သိမ်ကုန်းကျေးရွာမှာ နေထိုင်သူ တစ်ဦးက “တံတားတွေက ရေတိုက်စားသွားတာ။ အခု တစ်ရွာနဲ့ တစ်ရွာ ကူးလို့ မရတော့ဘူး။ ဈေးလည်း သွားလို့ မရဘူး။ ဒီတိုင်းဆို ကိုယ်ထူကိုယ်ထ ပြင်မှဘဲ ရမယ့်အခြေအနေပါ” လို့ ပြောပါတယ်။
အခု ကျိုးကျပျက်စီးတဲ့ တံတားတွေဟာ ဒေသခံတွေရဲ့ သွားရေးလာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးစတဲ့ နေ့စဉ်လုပ်ငန်းတွေအတွက် အသုံးပြုနေရတာကြောင့် အချိန်မီ ပြင်ဆင်နိုင်တာမျိုး မရှိခဲ့ရင် ထိခိုက်မှု ကြီးမားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ရွာငံမြို့နယ်၊ ရွာငံမြို့နဲ့ ၁၂ မိုင်အကွာ၊ မြိုင်နဲ့ မြောက်လက်ကုန်းကျေးရွာကြား လမ်းပိုင်းတစ်နေရာမှာလည်း ကားလမ်းရေကျော်နေပြီး ယာဉ်အစီးရေ ရာချီပိတ်မိနေကြတယ်လို့ သိရပါတယ်။
ယာဉ်မောင်း တစ်ဦးက “အဲဒီလမ်းက ခါတိုင်းလည်း မိုးရွာရင် ၃ ညလောက်က အိပ်ရတယ်။ အခုက ရေများနေတော့ တစ်ပတ်လောက်တောင် ကြာမလား မသိဘူး။ ရေစီးသန်တော့ ဘာကားမှ ဖြတ်လို့မရသေးဘူး” လို့ ပြောပါတယ်။
လက်ရှိ လမ်းပိုင်းနေရာဟာ မန္တလေး – တောင်ကြီးနဲ့ မန္တလေး – လားရှိုး သွားတဲ့ ယာဉ်လိုင်းတွေအပြင် ရွာငံမြို့နယ်အတွင်း ဒေသခံအားလုံး အသုံးပြုကြတာကြောင့် လာမယ့်ရက်ပိုင်းအတွင်း ရေမကျခဲ့ရင် လမ်းခရီးနှောင့်နှေးတာတွေအပြင် ကုန်ဈေးနှုန်း တက်လာနိုင်တာကြောင့် ဒေသတွင်း နေထိုင်သူတွေက စိုးရိမ်ပူပန်နေကြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ညတုန်းကလည်း ပင်းတယမြို့နယ်၊ ကျေးရွာတချို့မှာ ရေကြီးရေလျှံမှုကြောင့် လူ ၈ ဦး ရေထဲမျှောပါ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။