လွေးဇွန်မိုး၊ ဇူလိုင် ၂၈ ရက်၊ နမ့်ဆန်
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်မှာ တောင်သမာရွက်နဲ့ လက်ဖက်မဟုတ်တဲ့ တစ်ခြားအရွက်တွေကို တစ်ပိဿာ ၈၀၀ ကျပ်နဲ့ ဝယ်ယူနေတာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ်ကစပြီး နမ့်ဆန်မြို့နယ်က ကျေးရွာတချို့မှာ တောင်သမာရွက် ရွက်စိမ်း တစ်ပိဿာ ၈၀၀ ကျပ်နဲ့ အခြားအရွက် တစ်ပိဿာ ၇၀၀ ကျပ်နဲ့ ကျေးရွာတွေမှာ လိုက်ဝယ်နေတဲ့ ပွဲစားတွေ ရှိနေတယ်လို့ ဖြစ်စဥ် သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“လက်ဖက်စျေး မဖြစ်တာလဲ ပါတယ်။ လက်ဖက်စျေး မဖြစ်တော့ တချို့ရွာတွေက တောင်သမာရွက်တွေနဲ့ တောရွက်တွေ လျှောက်လျှောက် ဝယ်တာပေါ့ဗျာ။ တစ်ပိဿာကို ၇၀၀၊ ၈၀၀ နဲ့ ဝယ်နေကြတာ။ တကယ်တမ်း ခုတ်ထားတဲ့ လက်ဖက်ရွက်ကြမ်းတွေကတော့ လက်မခံချင်ဘူး။”
အခုလို လက်ဖက်မဟုတ်တဲ့ အရွက်တွေကို ဝယ်ယူပြီး လက်ဖက်နဲ့ ပြန်ရောရင် လက်ဖက်အရည်အသွေး မပြည့်မှီတော့ပဲ လက်ဖက်စျေး ပိုကျလာနိုင်တာကြောင့် ဝယ်ယူသူတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က စစ်ဆေး အရေးယူပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။
“လက်ဖက်စျေး မဖြစ်ဘူးပါဆို သူတို့က အဲလိုအရွက်တွေ လျှောက်လျှောက် ဝယ်တဲ့အခါ ကျတော့ ကျနော်တို့ လက်ဖက်တွေက စျေးမရတော့ဘူးပေါ့။ အချိုခြောက်တွေ လုပ်ရင်လည်း နာမည်ပျက်ရင် ပျက်မှာပေါ့။ ကျနော်တို့ အဲလို မလိုလားဘူးပေါ့နော်။”
လက်ရှိမှာတော့ နမ့်ဆန်မြို့နယ်မှာ လက်ဖက်ရွက်စိမ်း တစ်ပိဿာကို ၂၀၀၀ ကျပ်နဲ့ လက်ဖက်ခြောက် တစ်ပိဿာကို ၁၀၀၀၀ ကျပ်သာ စျေးရနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လထဲမှာ လက်ဖက်ရွက်ကြမ်းတွေကို ကျီးပေါင်းရွက်နဲ့ ရောနှောပြီး အရောင်းအဝယ် မလုပ်ဖို့ TNLA က တားမြစ်ထားသလို၊ ကျီးပေါင်းရွက်နဲ့ ရောနှောထားတဲ့ လက်ဖက်ရွက်ကြမ်းတွေကိုလည်း စစ်ဆေး ဖမ်းဆီးပြီး မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။