လွေးထွေး၊ မေလ ၁၀ ရက်၊ နမ့်ဆန်
တအာင်းဒေသ နမ့်ဆန်မြို့ ဇယန်းကြီး ရပ်ကွက်က အသုဘအိမ်မှာ ဖဲလာရိုက်တဲ့ တအာင်းတပ် TNLA အရာရှိတစ်ဦးက သူ့ကားပေါ်က ပစ္စည်းနဲ့ ငွေတွေ ပျောက်လို့ဆိုပြီး အဲအသုဘအိမ်က ဖဲလာရိုက်တဲ့ အမျိုးသား ၂၅ ဦးကို ဖမ်းခေါ်သွားခဲ့ကြောင်း ဖြစ်စဉ်ကို မြင်ခဲ့ရသူ ရပ်ကွက်နေ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မေလ ၂ ရက် ည ၁၁ နာရီ ဝန်းကျင်မှာ ဖြစ်ပွားခဲ့ပြီး ၎င်းအမျိုးသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လွှတ်ပေးခဲ့ပေမဲ့ ညတွင်းချင်း ဥက္ကဌမပါဘဲ သူတို့ရဲ့ နေအိမ်တွေကို ဝင်ရောက်မွှေ နှောက်ခဲ့ပါသေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၎င်းအရာရှိဟာ သူပျောက်ဆုံးသွားတဲ့ ပစ္စည်းကို ရှာမတွေ့တာကြောင့် မေလ ၈ ရက်ညမှာလည်း ဇယန်းကြီးရပ်ကွက်က အမျိုးသား ၄ ဦးကို ထပ်မံဖမ်းဆီးသွားပြီး ပါးအချက် ၂၀ နဲ့ ဦးခေါင်းကိုလည်း သေနတ်ဒင်နဲ့ ရိုက်နှက်နှိပ်စက်ခဲ့သလို အာရမ်းချောင်းဘက်ဆင်းပြီး ပေါက်ပြား၊ ဓား ယူသွားခိုင်းပြီးတော့ ကျွင်းတူးခိုင်းခဲ့ကြောင်းကိုလည်း ဖြစ်စဉ်ကိုသိရသူ အမျိုးသမီးက ဆိုပါတယ်။
“ပြဿနာကတော့ လူကြီးတစ်ယောက်ဖြစ်ပြီး သူများဖိတ်ခေါ်ထားတာမရှိဘဲ သူ့ဘာသူ အသုဘအိမ်မှာ ဖဲလာရိုက်တယ်။ သူ့ကားကို လမ်းမကြီးဘေးရပ်ထားတယ်။ အဲချိန်သူပစ္စည်းပျောက်လို့ မဆိုင်တဲ့ ရွာသားတွေကို ဖမ်းတယ်။ သက်ဆိုင်ရာမပါဘဲ အိမ်တွေလိုက်ဝင်တယ်။ ကျမတို့က ဒီလုပ်ရပ်ကိုမကြိုက်ဘူး။ ဖြစ်လည်းမဖြစ်သင့်ဘူး” လို့ ပြောပါတယ်။
မေလ ၈ ရက်ညက ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့လူတွေဟာ ဇယန်းကြီးရပ်ကွက်က အဝီး၊ အောင်ဖေ၊ ထွန်းခိုင်နဲ့ သက်ဦးတို့ဖြစ်ပြီး ရိုက်နှက်နှိပ်စက်ခံခဲ့ရတဲ့အပြင် မေလ ၉ ရက် ည ၁၀ နာရီမှာ ဖြစ်စဉ်အကြောင်းအရာတွေကို အွန်လိုင်းပေါ်မတင်ဖို့ကိုလည်း ဝန်ခံကတိလက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ နောက်ထပ်ဖြစ်စဉ်ကိုသိရသူ တစ်ဦးက ဆိုပါတယ်။
“ကျမတို့ဖြစ်စေချင်တာက ထားပါတော့ အဲလူတွေမှားပါတယ် သူတို့ကို သက်ဆိုင်ရာက စစ်ဆေးပါစေ၊ ရဲလက်အပ်သင့်ရင်လည်း အပ်ပြီး စစ်ဆေးမေးမြန်းခိုင်းပါ။ တရားဥပဒေရှိနေတာဘဲကို။ အခုက ဒေသခံလူထုကို လက်နက်အာဏာ အားကိုးပြီး မိုက်ပြတာဘဲလို့ မြင်တယ်” လို့ ပြောပါတယ်။
အရပ်သားလူထုတွေကို ဖမ်းဆီး၊ ရိုက်နှက်တာနဲ့ ပတ်သတ်ပြီး PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို မေးမြန်းခဲ့ချိန်မှာတော့ PSLF/TNLA ဟာ လူကို သေစေလောက်တဲ့အထိ ဖမ်းဆီးရိုက်နှက်တာမျိုးကို ဆောင်ရွက်ခွင့် မပြုထားတာကြောင့် ရှိခဲ့ပါက ဥပဒေအရ အပြစ်ပေးအရေးယူတာတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။