ဓာတ်ပုံ – Local

လွေးဇွန်မိုး၊ ဖေဖော်ဝါရီ ၁၅ ရက်၊ နမ့်ခမ်း

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် အထက်ပန်ယုတ်ရွာရဲ့အုပ်ချုပ်ရေးမှူးနဲ ရွာခံအမျိုးသားတစ်ဦးကို TNLA တပ်သားက တစ်ပတ်နီးပါး ကြာတဲ့အထိ ဖမ်းဆီးထားပြီး ညိုမဲအောင် ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်မှာ မိုင်းဝီးရှိ TNLA ရဲ့ ဗျူဟာ(၄) လက်အောက်ခံ တပ်ရင်း ၄၄၁ တပ်ရင်းမှူးက ရပ်ရွာလုံခြုံရေး တပ်ဖွဲ့ဝင် ၂ ဦးကို အထက်ပန်ယုတ်ရွာထဲက ကားရှိတဲ့ အိမ်တွေဆီကနေ ဟင်းဖိုးဆိုပြီး တစ်အိမ်ကို ၅ သောင်း သွားတောင်းခိုင်းရာကနေ ရွာခံနဲ့ အငြင်းပွားမှုဖြစ်ပြီးနောက် TNLA က အသက် ၄၅ နှစ်အရွယ် ရွာအုပ်ချုပ်ရေးမှူး တာနိုင်ကျင်နဲ့ တာအနေအျကို ဖမ်းဆီးခဲ့တာလို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ရပ်ရွာလုံခြုံရေး တပ်သား ၂ ယောက်က ရွာထဲက ကားရှိတဲ့ အိမ်တွေကို ဟင်းဖိုးဆိုပြီး ၅ သောင်းဆီ တောင်းတာပေါ့။ သူတို့အဲလိုတောင်းတော့ ကားသမားတစ်ယောက်က ဘာအတွက် တောင်းတာလဲ မသိလို့ ရွာဥက္ကဌဆီ အရင်သွားမေးကြမယ်ဆိုပြီး သူတို့ ၂ ယောက်ကို အုပ်ချုပ်ရေးမှူးအိမ် ခေါ်သွားလိုက်တာ။ ရွာအုပ်ချုပ်ရေးမှူးက တစ်ကယ်လို့ အဲလိုကောက်မယ်ဆိုရင်လည်း ရွာက တာဝန်ရှိသူတွေကို အရင်လာပြီးအကြောင်းကြားသင့်တယ်ပေါ့။ ရွာသူရွာသားတွေကလည်း မကူညီဘူးလို့ မပြောဘူး။ ပြီးတော့ ရွာထဲကို အဲလို ပိုက်ဆံတွေ မကောက်စေချင်ဘူး။ အဲလိုကောက်နေရင် နောက်တစ်ခါ နင်တို့ အကူအညီ လိုလာရင်လည်း ကူညီပေးကြမှာ မဟုတ်တော့ဘူးပေါ့။ အဲလိုပြောတော့ အဲဒီတပ်သား ၂ ယောက်က ထဆဲတာပေါ့။ အဲဒါနဲ့ အုပ်ချုပ်ရေးမှူးအိမ်မှာ အဲလိုလာဆဲတဲ့အတွက် ရွာသားတွေက အဲဒီတပ်သား ၂ ယောက်ကို ဒဏ်ငွေ ဆောင်ခိုင်းလိုက်တာ။ နောက်တစ်နေ့ရောက်တော့ အုပ်ချုပ်ရေးမှူးနဲ့ ရွာကတစ်ယောက်ကို မနက်ဖြန် ငါတို့စခန်း လာခဲ့ဆိုပြီး သူတို့သွားတော့ ဖမ်းပြီး ရိုက်တော့တာဘဲ”

ရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာခံအမျိုးသားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်မှာ ဖမ်းဆီးသွားပြီး တစ်ပတ်အကြာ မနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းစဥ်အတွင်း တာနိုင်ကျင်ရဲ့ မျက်နှာ၊ ပေါင်၊ ခြေသလုံး၊ တာအနေအျရဲ့ လည်ပင်း၊ တင်ပါး၊ ပေါင်၊ ဗိုက်ကို ခြေထောက်နဲ့ကန်တာ၊ လက်သီးနဲ့ ထိုးတာအပြင် ဝါးလုံး၊ ဝါခြမ်းပြားနဲ့လည်း ညိုမဲတဲ့အထိ ရိုက်နှက်ခဲ့ပြီး မိသားစုဝင်နဲ့လည်း တွေ့ခွင့် မပေးခဲ့ဘူးလို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။

“သူတို့စခန်းကို လာဖို့ခေါ်တာ။ စခန်းထဲရောက်တော့ ရွာသား ၂ ယောက်ကို တစ်ခါတည်း ကြိုးတုတ်တယ်။ ငါတို့ကို မလေးစားဘူး။ အပြန်အလှန် လေးစားမှု မရှိဘူးဆိုပြီး စရိုက်တော့တာဘဲ။ ရွာဥက္ကဌကို ပါးရိုက်တယ်။ ပြီးရင် မျက်နှာကို လက်သီးနဲ့ ထိုးတယ်။ နောက်တစ်ယောက်ကိုကျတော့ သူ့ရဲ့ဂုတ်ကို ဝါးခြမ်းပြားနဲ့ သွေးထွက်တဲ့အထိ ရိုက်တယ်။ ရွာသား ၂ ယောက်ကို ရိုက်တဲ့အထဲမှာ သူတို့ရဲ့ တပ်ရင်းမှူး မိုင်းအဆွန်နဲ့ ဒုတပ်ရင်းမှူး မိုင်းညီအောင်လည်းပါတယ်။ သူတို့မိသားစုဝင်နဲ့ ရွာက တာဝန်ရှိသူတွေက သူတို့နဲ့ တွေ့ခွင့် တောင်းတော့လည်း တွေ့ခွင့် မပေးခဲ့ဘူး။ ငါတို့လူကြီး မရှိဘူးဘဲ ပြောနေတာ”

ဒေသခံလူထုကို အကြောင်းအရင်းမရှိဘဲ အခုလို ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ TNLA တပ်သားကို အထက်က တာဝန်ရှိသူအနေနဲ့ ပြန်လည်စီစစ်ပြီး အရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုထားပါတယ်။

အထက်ပါ ကိစ္စနဲ့ပတ်သက်ပြီး PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “ကျမတို့က ဒီလိုမျိုး ကောက်ခံရမယ်လို့ ချမှတ်ထားတာ မရှိပါဘူး။ တစ်ကယ်လို့ ပြည်သူလူထုတွေအနေနဲ့ စေတနာ ရှိတယ်ဆိုရင် စေတနာနဲ့ ကူညီပေးတာမျိုးဆိုရင် ကျမတို့ လက်ခံပါတယ်။ တစ်ကယ်လို့ ဒီလိုမျိုး အတင်းအဓမ္မနဲ့ ရိုက်နှက်တာမျိုး ရှိလာတယ်ဆိုရင်တော့ နီးစပ်ရာ ရဲစခန်းမှာ သွားရောက်ပြီး တိုင်ကြားပါလို့။ ကျမတို့က အပြစ်ပေး အရေးယူဆောင်ရွက်တာ ရှိပါတယ်” လို့ ပြောပါတယ်။

နမ့်ခမ်းမြို့နယ်ကို ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှာ TNLA က အပြီးသတ် သိမ်းပိုက်ပြီး အုပ်ချုပ်နေတာလည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။