မြတ်နိုး၊ ဩဂုတ် ၃၀ ရက်၊ လန်ဆယ်
ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်မြို့မှာ မနေ့ ဩဂုတ် ၂၉ ရက် ညနေ ၄ နာရီခန့်က ဂျာလီအောင်ဆိုတဲ့ ကချင်တပ်မတော်- KIA ရဲ့ အရာရှိတစ်ဦးက အတူစားသောက်နေတဲ့ အမျိုးသမီးနဲ့ စကားများပြီး ရိုက်နှက်မှု ဖြစ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“တပ်ရင်းမှူးတွေ ဝင်လာတဲ့အချိန် သိပ်မဆူညံကြဖို့ ပြောတယ်။ စကားတွေ ပြောကြရင်း စကားများလာကြရာက အဲဒီအမျိုးသမီးက အရင်ဆုံး တပ်ရင်းမှူးကို အနောက်ကနေ ကျောက်ခဲနဲ့ ၃ ခါ ပစ်ပေါက်လိုက်တာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
တပ်ရင်းမှူးက ထိခိုက်ဒဏ်ရာ ရသွားတာကြောင့် သူ့နောက်လိုက် တပ်သားနှစ်ဦးက အမျိုးသမီးကို ထိန်းချုပ်လိုက်ချိန် တပ်ရင်းမှူးက ထိုးကြိတ်ရိုက်နှက်လိုက်တာလို့ ပြောပါတယ်။
ရိုက်ခံရသူ အမျိုးသမီးက ၃၄ နှစ်အရွယ် အားလူမီးဖြစ်ပြီး မိုးကုတ်ဒေသခံဖြစ်ကာ လန်ဆယ်မှာ အလုပ် လာလုပ်သူ ဖြစ်ပြီးတော့ ဂျာလီအောင်ဆိုသူက လန်ဆယ်ဒေသမှာ အသစ် ထပ်ဖွဲ့ထားတဲ့ တပ်ရင်း ၅၁ ရဲ့ တပ်ရင်းမှူး ဖြစ်တယ်လို့ ဆိုပါတယ်။
“သောက်စား မူးရူးပြီး ဖြစ်ကြတာပါ။ မိန်းကလေးတွေကလည်း မှော်ထဲ ရောက်တာနဲ့ကို အိန္ဒြေကို မရှိတော့ဘူး။ ဆူညံပွက်လောရိုက်ပြီးတော့ အရာရှိမှန်းမသိ ဘာမှန်းမသိ။” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
တပ်ရင်းမှူးတစ်ဦးက အရပ်သားတစ်ဦးကို အကြောင်းမဲ့ အလကားနေရင်း ရန်ရှာတာတော့ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
အဲဒီအမျိုးသမီးက ရွှေကျင်စက် အသေးစား ဖွင့်စားနေသူပြီး ကန့်သတ်နယ်မြေမှာ ရွှေ တူးဖော်နေတာကြောင့် အကြိမ်ကြိမ် သတိပေးထားပေမဲ့ မလိုက်နာတာကြောင့် ခေါ်တွေ့စကားပြောတဲ့အချိန် သောက်စားမူးယစ်လို့ တပ်ရင်းမှူးကို ခဲနဲ့ ပစ်ပေါက်တာလို့ ဆိုပါတယ်။
“ရွှေ မခိုးဘူး။ အဲဒါကို သူက ခဏခဏ အဲမှာတွေ့တယ်။ ခဏခဏ တွေ့တာက ငါက ထမင်းချက်လို့ ငါဆိုင်မှာ ပြန်လာတဲ့အချိန် လမ်းမှာ တွေ့လို့နေမှာ” ဆိုပြီး အဲဒီ ကာယကံရှင် အမျိုးသမီးက လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗွီဒီယိုဖိုင်ထဲ ပြောဆိုထားပါတယ်။
ဆိုင်ရှင်က တပ်ရင်းမှူးကို ခေါ်သွားတဲ့အချိန် အဲဒီအမျိုးသမီးက စိတ်တိုပြီး စားပွဲကို ထုလိုက်တော့ ပြန်ဝင်လာပြီး လာထိုးတာလို့ သူက ပြောပါတယ်။
“ဂျာလီအောင်ကို အလိုမရှိကြောင်း ဆန္ဒပြတာတွေလည်း ဗဟိုဌာနကနေအဆင့်ဆင့် အရေးယူသွားမယ်။ အရာရှိ မှားရင် အရာရှိ ခံရမယ်။ အရပ်သား မှားရင်လည်း အရပ်သား ခံရမယ်။ ဆုံးမတာတွေ လုပ်မယ်” လို့ KIA ရဲ့ တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။
မနေ့ညက လန်ဆယ်မှာဖြစ်တဲ့ ပြဿနာမှာ အဲဒီအရာရှိကို ဗဟိုက ခေါ်ယူပြီး တာဝန်ရှိသူတွေ စစ်ဆေးခဲ့ပြီး နစ်နာသူ အမျိုးသမီးကို တရုတ်ငွေ ယွမ် ၁ သောင်း (သိန်း ၆ဝ ကျပ်)နဲ့ ကြေအေးသွားပြီဖြစ်ကြောင်း သိရတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒေသခံတချို့ကတော့ အရပ်သားတွေကို ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ထိလက်ရောက် မလုပ်သင့်ဘူးလို့ ပြောဆိုနေကြပါတယ်။
KIA တပ်ရင်း ၅၁ မှ တပ်ရင်းမှူး ဗိုလ်မှူး ဂျာလီအောင်အပါအဝင် KIA ရဲဘော်နှစ်ဦးက မတရားစွပ်စွဲမှုနဲ့ မအားလူးမီးဆိုသူကို ရိုက်နှက်ပြီးတော့ ခြောက်ပေါက်ထဲ ထပ်ထည့်ပြီး နှိပ်စက်တဲ့ ရုပ်သံဖိုင်ကို ဒီနေ့မနက်ပိုင်းမှာ ဒေသတွင်း သတင်းဌာနဖြစ်တဲ့ Kachin News Group မှာ ဖော်ပြထားပါတယ်။
၎င်းအမျိုးသမီး ရိုက်နှက်ထိန်းသိမ်းခံရလို့ လန်ဆယ်က အမျိုးသမီးတချို့ KIA အရာရှိ ဂျာလီအောင်ကို အလိုမရှိကြောင်း ဒီနေ့မှာ ဆန္ဒပြခဲ့ကြတယ်လို့လည်း သိရပါတယ်။
လန်ဆယ်ဒေသမှာ ရွှေတူးဖော်မှုနဲ့ ပတ်သက်ပြီး ခန့်အပ်ထားတဲ့ တပ်ရင်းမှူး ဂျာလီအောင်က အာဏာပါဝါ အလွှဲသုံးစားလုပ်ပြီး ပြီးခဲ့တဲ့ မတ်လကလည်း ရွှေလုပ်ကွက်အတွက် ဒေသခံလူထုရဲ့ မြေနေရာ ဧက ၁ ထောင်ကျော်ကိုပါ သိမ်းယူတာ ရှိတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။