ဓာတ်ပုံ – Local

လွေးလာဝ်ဇာရ်၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဟိုပန်

ရှမ်းမြောက် ဟိုပန်မြို့ ရုံးကုန်းရပ်ကွက်မြို့မဘောလုံးကွင်းအနီးမှာရှိတဲ့ ဒေသခံတွေရဲ့ မြေကွက်နဲ့ ရာဘာခြံကို “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA က သိမ်းယူပြီး မြေကွက်မှာ ရှိထားတဲ့ ရာဘာပင်ကိုလည်း ခုတ်သွားခဲ့တယ်လို့ ကာယကံရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

UWSA သိမ်းယူထားတဲ့ ‌အဲဒီ အိမ်ထောင်စု ၈ စုရဲ့ မြေကွက်ကို အစိုးရရုံး ဆောက်ဖို့အတွက် သိမ်းထားတာဖြစ်ပြီး ညှိနှိုင်းမှု မပြီးသေးဘဲ ဒေသခံတွေရဲ့ ရာဘာပင်ကို ခုတ်ယူသွားခဲ့တာလို့ ဆိုပါတယ်။

“ဝ အစိုးရက ကျမတို့ အိမ်ထောင်စု ၈ ခုရဲ့မြေတွေကို အစိုးရရုံး ဆောက်ဖို့ဆိုပြီး ခေါ်ညှိပါတယ်။ ကျမတို့ကို ၁၄၃ မှာ မြေကွက် ပြပါတယ်။ ကျမတို့လည်း သဘောမကျလို့ ပြန်တောင်းဆိုတယ်။ ကျမတို့ခြံက ၆.၅ မူကျော် ရှိပါတယ်။ ရာဘာပင်ပေါင်း ၄၂၀ ရှိပါတယ်။ ဝင်ငွေ အားကိုးအားထားစရာဆိုလို့ ဒီအပင်ဘဲ ရှိပါတယ်။ ညှိနှိုင်းမှု မပြီးသေးဘဲ အပင်တွေ ခုတ်ပစ်တယ်။ ပြေပြေလည်လည် ညှိနှိုင်းမယ်ဆိုရင် ကျမတို့က အဆင်သင့် ရှိပါတယ်” လို့ ခြံရှင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိ သိမ်းထားတဲ့ မြေကွက်တွေဟာ အိမ်ဆောက်ထားသူရှိသလို ဆောက်လက်စ အိမ်တွေလည်း ရှိတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

“‌အဲမှာဆို နေတဲ့သူတွေလည်း ရှိပြီ။ ဆောက်လက်စအိမ်နဲ့ အုတ်တံတိုင်း ကာထားတဲ့သူတွေလည်း ရှိတယ်။ ရာဘာခြံ လုပ်စားတဲ့သူတွေလည်း နှစ်ပေါင်းမနည်းတော့ဘူး။ အစားထိုးမြေ ပေးမယ်တဲ့။ သူတို့ပေးတဲ့မြေက စစ်တပ်ပိုင်မြေ ဂျောင်ကလောင်ကျတဲ့တော လူသူမရှိတဲ့နေရာမှာ သရဲတစေ ရှိတယ်လို့‌တောင် အောက်မေ့ရတယ်။ သူတို့ပြတဲ့နေရာက ဘယ်လိုမှ အဆင်မပြေဘူး။ သူတို့ရုံးကို သွားညှိတယ်။ သူတို့ပေးတဲ့ဟာယူ မယူရင် ဘာမှရမှာမဟုတ်ဘူးဆိုတဲ့သဘော”

အခုလို လုပ်ရပ်က မြေကွက် သိမ်းခံရတဲ့ ဒေသခံတွေအတွက် အခက်အခဲ ဖြစ်စေတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

“ဖြစ်စေချင်တာက ကိုယ့်မြေကွက် ကိုယ့်ခြံဘဲ လိုချင်တာပေါ့။ မရတဲ့အဆုံး သူတို့ရုံးကိုဆောက်မယ်ဆိုတော့ ကျမတို့ကို တန်ရာတန်ကြေး ပေးစေချင်တယ်။ နေရာအစားထိုး ပေးမယ်ဆိုလည်း နေ‌ရာကောင်းကောင်း ပြန်ပေးစေချင်တယ်။ ကျမတို့ဟာလည်း နေရာကောင်းတယ်”

ခုတ်သွားတဲ့ ရာဘာတွေဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက စိုက်ထားခဲ့တဲ့ ရာဘာပင် ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

ဟိုပန်မြို့နယ်ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာ သိမ်းယူခဲ့ပြီးနောက် ဇန်နဝါရီ ၁၀ ရက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က UWSA လက်ထဲ လွှဲပြောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက် သိရဖို့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကို ရွှေဖီမြေက ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။