မိုင်းရူပ၊ မေလ ၇ ရက်၊ မန္တလေး
ငလျင်ဒဏ်ကြောင့် သေဆုံးသူ ထောင်ချီ ရှိခဲ့သလို အဆောက်အဦး အများစု ပျက်စီးခဲ့တဲ့ မန္တလေးမြို့မှာ ပျက်စီးသွားတဲ့ နေအိမ်တွေ ဖြိုချဖို့ အခက်အခဲ ရှိနေတယ်လို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် နေအိမ်တစ်ခုလုံး ပြိုကျသွားတာရှိသလို အက်ကွဲပြီး နေလို့မရတဲ့ နေအိမ်တွေလည်း ရှိနေပြီး ပျက်စီးသွားတဲ့ နေအိမ်တွေကို ဖြိုချဖို့ စည်ပင်ထံ စာတင်ရတယ်လို့ ဆိုပါတယ်။
ဖြိုချဖို့ စည်ပင်ကို စာရင်းသွင်းရင် ငွေကုန်ကျတာ နည်းပေမဲ့ ကြန့်ကြာမှုနေတာကြောင့် ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖြိုချရာမှာလည်း နေအိမ်အပေါ် မူတည်ပြီး သိန်းဆယ်ချီကနေ ရာနဲ့ချီ ပေးရတယ်လို့ မြို့ခံတွေက ပြောဆိုပါတယ်။
“အဆောက်အအုံ ဖြိုချမိန့်ဆိုပြီး စည်ပင်ဆီ စာတင်ရတယ်။ တင်ပြီးမှ ဖျက်လို့ရတာ။ စည်ပင် လာဖြိုတဲ့ဟာ စောင့်ရင်လည်း နှစ်ပေါက်အောင် စောင့်ရမှာ။ ပျက်တဲ့အိမ် များတော့လေ” လို့ ငလျင်ဒဏ်သင့် မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ငလျင်လှုပ်ခတ်မှုဖြစ်ပြီး ၁ လကျော် ကြာတဲ့အထိ မန္တလေးမှာ ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေပြီး မရှင်းလင်းနိုင်သေးတဲ့ အဆောက်အဦးအများစု ကျန်ရှိနေပြီး အပျက်အစီးတွေကြား တဲထိုးပြီးတော့ နေထိုင်နေသူတွေ ရှိနေပါတယ်။
မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုတ်ခတ်ခဲ့တဲ့ ငလျင်ဟာ မန္တလေးတိုင်းမှာ ထိခိုက်သေဆုံးမှုများပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မှာလည်း ထိခိုက်မှု များခဲ့ပါတယ်။
မန္တလေးမြို့မှာတော့ ငလျင်ကြောင့် သေဆုံးသူ ၂,၅၀၀ ကျော်ရှိပြီး အဆောက်အဦးအပါအဝင် သမိုင်းဝင် စေတီ ပုထိုးတွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မေလ ၄ ရက်အထိ DVB သတင်းဌာနက ရရှိထားတဲ့ စာရင်းအရ ငလျင်ဒဏ်ကြောင့် နိုင်ငံတဝန်းမှာ သေဆုံးသူ ၄,၄၆၆ ဦးရှိပြီး ဒဏ်ရာရသူ ၁ သောင်းကျော်နဲ့ နေအိမ်ပေါင်း (၁၁,၃၆၆)လုံး ပျက်စီးခဲ့ပါတယ်။