ရဲမာန်၊ ဩဂုတ် ၂၀ ရက်၊ ကောလင်း
စစ်ကိုင်းတိုင်း ကောလင်းနဲ့ ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်မှာ လေကြောင်းအပြင် စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကောလင်းမြို့နယ် ခံသာနဲ့ စွယ်ရရွာကို ဒီနေ့ ဩဂုတ် ၂၀ ရက် မနက် ၆ နာရီကျော်မှာ Y-12 လေယာဉ်နဲ့ ဗုံးသီး ၃၀ ကျော် တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ခံသာရွာထဲ ကျတာက လူသေတာ မရှိဘူး။ တစ်ယောက်တော့ ဒဏ်ရာ ရတယ်။ စွယ်ရရွာက ၆ ယောက် ထိတာက ၃ ယောက် သေတယ်။ ကျန် ၃ ယောက်ကလည်း အခြေအနေ မကောင်းဘူး။ ကလေးငယ်တစ်ယောက် ပါတယ်”
သေဆုံးသွားတဲ့ ၃ ဦးစလုံးဟာ အမျိုးသားဖြစ်ပြီး ဒဏ်ရာ ရသူတွေကတော့ ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ ဖြစ်တယ်လို့ ၎င်းကဆက်ပြောပါတယ်။
အလားတူ ပေါက်ခေါင်းမြို့နယ်က ကျေးရွာ ၂ ရွာကို စစ်တပ်က စက်တပ်လေထီး ၄ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း ၂ ရဲ့ သတင်းနဲ့ပြန်ကြားရေး Red Star က ရွှေဖီမြေကို ပြောပါတယ်။
ကျောက်ပြင်သာနဲ့ ဖလန်ပင်ရွာကို စက်တပ်လေထီး ၄ စီးနဲ့ ဗုံးသီး ၁၂ လုံးကို မနေ့ ဩဂုတ် ၁၉ ရက် မနက် ၁၁ နာရီခွဲခန့်မှာ ကြဲချတိုက်ခိုက်ခဲ့တာလို့ ၎င်းက ပြောပါတယ်။
“ကျောက်ပြသာရွာက သားအဖ ၂ ဦး သေတယ်။ လေးဦး ဒဏ်ရာ ရတယ်။ ဗုံးဒဏ်ကြောင့် ဖလန်ပင်ရွာက နေအိမ်တွေ ပျက်စီးသွားပေမဲ့ လူထိခိုက်တာတော့ မသိရသေးဘူး”
သေဆုံးသွားသူတွေကတော့ အသက် ၃၈ နှစ်အရွယ် ဦးသိန်းဇော်နဲ့ ၁၀ နှစ်အရွယ် ကလေးငယ် မောင်သက်ပိုင်ဇော်တို့ဖြစ်ပြီး ၎င်းတို့ သားအဖ ၂ ဦးရဲ့ အလောင်းကို မန့ညမှာဘဲ သဂြိုလ်ပေးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။