မိုင်းအရှိုင်း၊ မေလ ၁၇ ရက်
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း ဆောင်ရွက်မှာဖြစ်ပြီး ဒေသခံတွေအတွက် နေထိုင်ခွင့်ကတ်ပြား သို့မဟုတ် ပြည်နယ်သား မှတ်ပုံတင် ထုတ်ပေးနိုင်ဖို့ တအာင်းပြည် လူဝင်မှုကြီးကြပ်ရေးဌာန- IDTL က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒေသတွင်း နေထိုင်ကြသူတွေအတွက် ပြည်နယ်သား မှတ်ပုံတင်ကတ်ပြား ထုတ်ပေးတာ၊ အိမ်ထောင်စုစာရင်း ထုတ်ပေးတာတွေနဲ့ ဒေသတွင်းလူဦးရေ စိစစ်တာတွေ လုပ်ဆောင်သွားမယ်လို့ တအာင်းပြည် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“လုပ်ငန်းစဉ်ကတော့ ပြည်နယ်သားတွေကို ခွဲခြမ်းစိတ်ဖြာပြီးတော့ ကြီးကြပ်မယ်ပေါ့။ နယ်စပ်ဒေသတွေမှာရှိတဲ့ ဒေသခြားသား သွားလာမှုတွေ၊ တရားမဝင် ဝင်ရောက်နေထိုင်မှုတွေကို ကြီးကြပ်မယ်။ နောက်တစ်ခုက မှတ်ပုံတင်ကတ်ပြားပေါ့။ ဒီပြည်နယ်ရဲ့ သက်သေခံ မှတ်ပုံတင်ကတ်ပြားလို့ ပြောရမှာပေါ့”
ဒေသတွင်း တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး အခွင့်အလမ်း၊ ပညာရေး ကျန်းမာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာ ထောက်ပံ့ရေးအတွက် လူဝင်မှုကြီးကြပ်ရေးက အလွန်အရေးပါတဲ့ အခန်းကဏ္ဍ ဖြစ်တာကြောင့် လုပ်ငန်းစဉ်တွေကို မကြာခင် ဆောင်ရွက်သွားမယ်လို့ ၎င်းက ဆက်ပြောပါတယ်။
တအာင်းပြည် လူဝင်မှုကြီးကြပ်ရေးဌာနအနေနဲ့ ဧပြီလက ဝန်ထမ်းသစ် ခေါ်ယူကာ လဝကရဲ့ လုပ်ငန်းစဉ်သင်တန်း ပို့ချခဲ့ပြီး မနေ့ မေလ ၁၆ ရက်မှာ သင်တန်းဆင်းပွဲ ပြုလုပ်ရာ ဝန်ထမ်းသစ် ၅၁ ယောက်ကို သင်တန်း ပို့ချပေးနိုင်ခဲ့သလို ဝန်ထမ်းသစ် ထပ်မံ ခေါ်ယူဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။