ယာရူစိင်၊ နိုဝင်ဘာ ၁၈ ရက်၊ သီပေါ
ရှမ်းမြောက် သီပေါမြို့အထွက်က သီပေါ-လားရှိုးတံတားကို ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်က အပြန်အလှန် ပိတ်ထားခဲ့ရာ ၅ ရက်ကြာတဲ့အထိ ဖြတ်သန်းသွားလာလို့ မရသေးကြောင်း စုံစမ်းသိရှိရပါတယ်။
“သတင်းထွက်တာက ၂၀ ရက်ကျရင် ပြန်ဖွင့်ပေးမယ်တဲ့။ သတင်းတွေကတော့ အမျိုးမျိုးထွက်နေတာ။ ပြန်ဖွင့်ပေးမယ့် ရက်လည်း သူတို့ဘက်က အသိပေးထားတာ မရှိဘူး” လို့ သီပေါမြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သီပေါမြို့အဝင်အထွက်တံတားကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက် မနက် ၆ နာရီကစပြီး ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်က ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခွင့်တွေကို ပိတ်ထားတာပဲ ဖြစ်ပါတယ်။
သီပေါတံတားကို နှစ်ဖက်တပ်တွေက အပြန်အလှန်ပိတ်ထားတာကြောင့် ဒေသခံတွေက တာလုံရွာက ချောင်းကို အသုံးပြုပြီး ကားတစ်စီးကို ဖြတ်ကူးခ ၆ သောင်းကျပ် ပေးရတယ်လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
ယာဉ်မောင်းတစ်ဦးက “သီပေါ ၉ မိုင်လမ်းခွဲကနေ နားမခေါ်ရွာအထိ။ ရွာအဝင် စာသင်ကျောင်းနား လမ်းခွဲရှိတယ်။ ညာဘက်ချိုးဝင်သွားရင် တာလုံရွာရောက်တယ်” လို့ ပြောပါတယ်။
သီပေါမြို့အထွက် တံတားကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာဖြစ်ပြီး လားရှိုး- သီပေါအဝင်ဘက်မှာတော့ ကိုးကန့်တပ်က ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရှမ်းမြောက် သီပေါမြို့နယ် နမ့်လန်မြို့နဲ့ ကျောက်ဂူလမ်းအပြင် ရှမ်းတောင် မိုင်းရယ်မြို့ အဝင်အထွက်ကိုလည်း စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။