ပို့လဘား၊ မေလ ၁၄ ရက်၊ ညောင်ရွှေ
ရှမ်းတောင် ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် နေအိမ်နဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသလူ့အခွင့်ရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က ညောင်ရွှေမြို့နယ် တောင်ပို့ကွဲကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းပေါ်ကို လက်နက်ကြီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
အင်းလေးဒေသလူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက “လူထိခိုက်တာတော့မရှိဘူး။ ဘုန်းကြီးကျောင်းမှာ တစ်လုံးကျတယ်။ ရွာပြင်မှာ တစ်လုံးကျတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ညောင်ရွှေမြို့နယ် ဟိုပန်နောက်ရွာကိုလည်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် နေအိမ်ထိခိုက်ပျက်စီးခဲ့ရပါတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၈ ရက်ကလည်း ညောင်ရွှေမြို့နယ် စန့်စွဲကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO တို့က ကျေးရွာထဲက ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။