မိုင်းပန်ပျော်၊ မေလ ၃၁ ရက်၊ မိုးကုတ်
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ အမျိုးသားတစ်ဦးက ဆေးကြောင်ပြီး နေအိမ်ကို မီးရှို့တာကြောင့် နေအိမ်တစ်ခုလုံး မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။
မနေ့ မေလ ၃၀ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ မိုးကုတ်မြို့၊ နယ်မြေ (၃)၊ သဒွတ်သျှိုရပ်ကွက်မှာ ဆေးကြောင်နေတဲ့ အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်းပြီး နေအိမ်ကို မီးရှို့ခဲ့တာလို့ မိုးကုတ်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“သူတို့ရဲ့ သားက ဆေးကြောင်ပြီး အိမ်ကို ဓာတ်ဆီလောင်းပြီး မီးပြန်ရှို့တာ။ အိမ်တစ်ခုလုံး မီးလောင်သွားတယ်။ သူတို့အမေလည်း ဒဏ်ရာနည်းနည်းရတယ်။ အခုတော့ မိုးကုတ်ဆေးရုံမှာ ပို့ထားလိုက်ပြီ”
မိုးကုတ်မြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံတွေ ပူးပေါင်းကာ မီးငြိမ်းသတ်ခဲ့တာဖြစ်ပြီး မီးလောင်ဆုံးရှုံးသွားတဲ့ ပစ္စည်းရဲ့ ကာလတန်ဖိုးကတော့ အနည်းဆုံး သိန်း ၂၅၀ ဝန်းကျင် ရှိနိုင်တယ်လို့ ၎င်းကဆက်ပြောပါတယ်။
ဆေးကြောင်ပြီး နေအိမ်ကို မီးပြန်ရှို့ခဲ့တဲ့ အဲဒီအမျိုးသားဟာ အသက် ၂၆ နှစ်အရွယ်ရှိပြီး လက်ရှိမှာတော့ TNLA ရဲတပ်ဖွဲ့က ၎င်းကို ဖမ်းဆီးထားကာ အရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။