ပို့လဘား၊ ဩဂုတ် ၉ ရက်၊ မိုးကုတ်
တအာင်းတပ်မတော် PSLF/ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အရှေ့ပိုင်းဘက်ကို ဒီနေ့ ဩဂုတ် ၉ ရက် ညနေ ၆ နာရီခွဲအကျော်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“၆ နာရီ ၅၀ လောက် လာချသွားတယ်။ မိုးကုတ်အရှေ့ပိုင်း သဒွတ်သျှို ကျောက်နဂါးဘက် ပြောတယ်။ မီးခိုးအလုံးလိုက်ကြီး တက်လာတာ တွေ့ရတယ်”လို့ ပြောပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက် သေဆုံးတာတွေ ရှိမရှိကိုတော့ ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ သီပေါမြို့ကို ဒီနေ့ ညနေ ၄ နာရီခွဲမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး နာရီပိုင်းအကြာမှာပဲ မိုးကုတ်မြို့ပေါ်ကို ထပ်ကြဲခဲ့တာဖြစ်ပြီး သီပေါဗုံးကြဲခံရမှုမှာ အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်ကလည်း မိုးကုတ်မြို့ အနောက်ပိုင်းဘက်ကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား၁၃ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်ကနေ ဇူလိုင်လ ၃၁ ရက်အထိ တစ်လအတွင်း ရွှေဖီမြေက ရရှိထားတဲ့စာရင်းအရ ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ မိုင်းငေါ့၊ သီပေါ၊ မိုင်းလုံနဲ့ ကွတ်ခိုင်မြို့တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၀ ဦး သေဆုံးခဲ့ပြီး ၄၆ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။