ဓာတ်ပုံ- CJ

အင်းငယ်၊ ဧပြီ ၆ ရက်၊ အင်းလေး

ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ ပြန်လည်ထူထောင်ရေးကာလအတွက် အကူအညီ လိုအပ်နေတယ်လို့ ဒေသတွင်း လူမှုကူညီရေး လုပ်ဆောင်နေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

အင်းလေးဒေသမှာ မြေငလျင်ဒဏ်ကြောင့် လူနေအိမ် ၂,၆၀၀ ခန့် ပြိုကျပျက်စီးခဲ့ပြီး လက်ရှိမှာ လက်သမားအပါအဝင် ချိန်းဘလောက်၊ အိမ်ဆောက်ပစ္စည်း၊ ဆိုလာမီးသီးနဲ့ ငွေကြေး လိုအပ်နေတာပဲ ဖြစ်ပါတယ်။

ကလောနဲ့ အင်းလေးဒေသအတွက် ပြန်လည်ထူထောင်ရေး ဦးဆောင်နေသူတစ်ဦးက “အခုက ပြန်လည်ထူထောင်ရေး ကာလဆိုတော့ ရေရှည် အသုံးဝင်မယ့်ဟာမျိုး လိုအပ်တယ်ပေါ့နော်။ အစားအသောက်တွေဆို ခဏလေး ကုန်သွားကြတာလေ။ အလှူရှင် မလာတော့ရင်လည်း သူတို့ဟာသူတို့ ရပ်တည်နိုင်မယ့်ဟာမျိုးပေါ့။ အားသွင်းမီးတွေဆို ဆိုလာတွဲပါတာတွေပေါ့။ တရုတ်က လာတာတွေ အဲဒါတွေက အသုံးမခံဘူး။ ဆိုလာပြားကြီးကြီးနဲ့ ဝပ်အား ကောင်းတာမျိုးတွေ လိုပါတယ်” လို့ ပြောပါတယ်။

အင်းလေးဒေသမှာ လက်သမား အများစုက ရက်ချိန်း များနေပြီး လူငယ် လက်သမား အများစုဟာလည်း စစ်မှုထမ်းကိစ္စနဲ့ တိမ်းရှောင်နေရတာကြောင့် အိမ်အရေအတွက်နဲ့ လက်သမား မလုံမလောက် ဖြစ်နေတာပါ။

ဒါ့အပြင် အင်းလေးဒေသမှာရှိတဲ့ ဝါးတွေဟာလည်း ‌ပျက်စီးတဲ့ အိမ်အရေအတွက် အားလုံးကို မလောက်ငှနိုင်တာကြောင့် ဝါးအလှူရှင်တွေ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒေသတွင်း လူမှုကူညီရေး အသင်းဝင်တစ်ဦးက “ပြန်လည်ထူထောင်ရေးက တစ်နှစ်လောက် ကြာမှာပဲ။ ကြားထဲမှာက ဘယ်လိုမှ အိမ်ဆောက်လို့ရမှာ မဟုတ်ဘူး။ ဒီလို ယာယီတဲလေးတွေနဲ့ နေကြရမှာပေါ့။ အိမ်ဆောက်ရမယ့် ပစ္စည်းတွေနဲ့ ပိုက်ဆံ အဓိက လိုပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ယာယီတဲတစ်လုံး တည်ဆောက်ဖို့အတွက် ၄ သိန်းခန့် ကုန်ကျနိုင်ပြီး လက်ရှိ အိမ်ဆောက်ပစ္စည်းအတွက် ပေါက်ဈေးအနေနဲ့ သက်ကယ် အချပ်တစ်ရာကို တစ်သိန်းကျော်ဝန်းကျင်၊ ဝါးတစ်လုံးကို တစ်သောင်းခွဲခန့် ရှိတယ်လို့ သိရပါတယ်။

ဖောင်တော်ဦးဘုရားအနီး ငလျင်ဘေးသင့် ဒေသခံတစ်ဦးက “အစိုးရဖက်က မြေတူးစက်တော့ ဝင်နေပြီ။ မတွင်ကျယ်သေးဘူး။ ရှိတဲ့အိမ်နဲ့က မဖြစ်နိုင်ဘူး။ ချိန်းဘလောက်တွေ အများကြီး လိုတယ်” လို့ ပြောပါတယ်။

မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ၇.၇ ရှိ မြေငလျင်ကြောင့် အင်းလေးဒေသမှာ လူပေါင်း ၂၀၀ ကျော် ထိခိုက်သေဆုံးခဲ့ပြီး လက်ရှိမှာလည်း ဖောင်တော်ဦးဘုရား ပြုပြင်နေတာကြောင့် ရက်အကန့်အသတ်မရှိ ပိတ်ထားရတယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။