ဓာတ်ပုံ – မိုးဗြဲ PDF

အင်းငယ်၊ မတ်လ ၄ရက်၊ မိုးဗြဲ

ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး မဟာမိတ်အင်အားစုတွေကြား တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ မြေပြင်အရင်းအမြစ်တွေက ပြောပါတယ်။

ဒီနေ့ မတ် ၄ မြေပြင်အခြေအနေအရ စစ်ကောင်စီဖက်က လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုလာပြီး စစ်ဘေးရှောင်တွေရှိတဲ့နေရာကို ဦးတည်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

မိုးဗြဲတစ်ဝိုက် စစ်ရေးလှုပ်ရှားနေသူ မြေပြင်အရင်းအမြစ် တစ်ဦးက “စစ်ကောင်စီဖက်က ဆက်တိုက်ကျတယ်။ ကျနော်တို့ဖက်ကလည်း ကျတာရှိတယ်။ စစ်ကောင်စီက အင်အားတော်တော်များတယ်။ စစ်မှုထမ်း ခေါ်ထားတဲ့လူသစ်တွေကို ရှေ့ကကာပြီး တက်လာတာ” လို့ ပြောပါတယ်။

၂၀၂၅ ခုနှစ် အစပိုင်းကတည်းက စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေဟာ ပင်လောင်း – ဖယ်ခုံလမ်းအတိုင်း အင်အား ၇၀၀ နဲ့ စစ်ကြောင်းထိုးလာပြီး လက်ရှိ မိုးဗြဲမြို့ကို ဆက်လက် စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

လက်ရှိ တိုက်ပွဲအထိ စစ်ကောင်စီရဲ့ အလောင်း ၁၂ လောင်းနဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းထားနိုင်ပြီး တော်လှန်ရေး အင်အားစုတွေဖက်ကလည်း ရဲဘော် အောင်မြင့်မြတ် အပါအဝင် ၅ ဦးထက်မနည်း ကျဆုံးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

“အခုထိတော့ မြို့ကို မဟာမိတ်တပ်တွေ ထိန်းထားနိုင်သေးတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ရေရှည်မှာတော့ စစ်ကောင်စီရဲ့ သာလွန်အင်အားကို တောင့်ခံဖို့ မလွယ်ပါဘူး။ ပြည်သူအားလုံး ကျည်တစ်ထောင့်ဖိုးကအစ အကူညီပေးနိုင်တယ်လို့ တောင်းဆိုပါတယ်။ ရှောင်နေကြတဲ့ လူတွေလည်း လောလောဆယ်တော့ ပြန်လို့မရသေးဘူးလို့ ပြောချင်တယ်။ မကြာခင် ကျနော်တို့ ထုတ်ပြန်ဖို့ ရှိပါမယ်” လို့ မြေပြင်အရင်းအမြစ်တစ်ဦးက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က မိုးဗြဲ – လွိုင်ကော်လမ်းမကြီးကနေတဆင့် ဖားဆောင်း၊ ဘော်လခဲမြို့နယ်တွေကို ထိန်းချုပ်နိုင်ဖို့အတွက် အပြင်းအထန် စစ်ကြောင်းထိုးနေတာလို့ စစ်ရေးအရင်းအမြစ်တွေက သုံးသပ်ပါတယ်။

မတ်လ ၁၊ ၂ ရက်နေ့အတွင်း စစ်ကောင်စီက မိုးဗြဲမြို့ကို လက်နက်ကြီးအပြင် လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး မိုးဗြဲမြို့ အနောက်ခြမ်းမှာ လယ်စိုက်နေတဲ့ ၁၆ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးမှုနဲ့အတူ မွေတော်ဘုရားအနီးရှိ လူနေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ စစ်ကောင်စီ ပူးပေါင်းတပ်တွေဟာ ဒီမောဆိုမြို့နယ်တွင်းကိုလည်း ဆက်လက်လက် စစ်ကြောင်းထိုးနေပြီး ဒီနေ့ လေကြောင်းပစ်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး မီးလောင်ပြာကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။