ပျားကြီး၊ ဇန်နဝါရီ ၁၃ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဇန်နဝါရီ ၁၃ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်က လုံးခင်းကျေးရွာအုပ်စု မဇွပ်ယာန်နဲ့ ဆန်ခါရွာထဲ တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲလေကြောင်းကနေ တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
“အဲဒီမှာ အမျိုးသမီးတွေရော အမျိုးသားတွေရော သေနေကုန်ပြီ။ လေယာဥ်နဲ့ တောက်လျှောက်ကို ပစ်သွားတာ။ လုပ်ကွက်တွေထဲလည်း ကျလို့ သေတဲ့သူတွေ အများကြီးပဲ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မဇွပ်ယာန်ထောင်၊ မနောကွင်းနဲ့ ဆန်ခါရွာက တောက်ပကြယ် ကျောက်စိမ်းလုပ်ကွက်ဘက်ကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲချမှုအပြင်စက်သေနတ်နဲ့လည်း တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိအချိန်ထိ အဲဒီဒေသမှာ လေကြောင်းတိုက်ခိုက်မှု သတိပေးချက် ရှိနေသေးတာကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကိုအတည်ပြုဖို့ ခက်ခဲနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။