ပို့လဘား၊ မေလ ၂၃ ရက်၊ မိုးကုတ်
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ လက်ပစ်ဗုံး ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ ၆ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီနေ့ မေလ ၂၃ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ မိုးကုတ်မြို့ ရှော့လီဝိုင်းအုပ်စု ကန်တော်ရပ်ကွက်မှာ အမည်မသိ အမျိုးသားနှစ်ဦးက ဆိုင်ကယ် စီးလာပြီး လက်ပစ်ဗုံး လာရောက် ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “လာပစ်တဲ့ နှစ်ယောက်က အသက်ငယ်ငယ်လေးပဲ ရှိသေးတယ်။ သူတို့လာပစ်တဲ့အချိန် အပြင်မှာ ရှိတဲ့သူက ထွက်ပြေးသွားပြီး အထဲမှာရှိတဲ့ ၆ ယောက်က ထိသွားတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ လက်ပစ်ဗုံး လာရောက် ပစ်ခတ်သွားတဲ့ အမျိုးသားနှစ်ဦး ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
မိုးကုတ်ဒေသခံတစ်ဦးကလည်း “အခြေအနေ မဆိုးပါဘူး။ လက်လုပ်ဗုံးလို့ ပြောပါတယ်။ ဒဏ်ရာ နဲနဲပဲ ရတာပါ။ ဆေးခန်း ပို့လိုက်တယ်လို့ ပြောပါတယ်” ဆိုပြီး ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၂ ရက်က မိုးကုတ်မြို့ အရှေ့ပိုင်းဘက် လုံခြုံရေး ကင်းလှည့်နေတဲ့ တအာင်းရဲတပ်ဖွဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။
မေလ ၁၁ ရက် ည ၇ နာရီခွဲကျော်မှာလည်း မိုးကုတ်မြို့အရှေ့ပိုင်း ဘီးတောင်ရပ်ကွက်မှာရှိတဲ့ Music Zone ဘားရှေ့မှာ အမည်မသိ အမျိုးသား ၂ ဦးက လက်ပစ်ဗုံး ၂ လုံး လာရောက် ပစ်ခတ်တဲ့ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။