ဓာတ်ပုံ- Local

အိုက်ပွီး၊ ဧပြီ ၂၂ ရက်၊ ပလက်ဝ

ချင်းပြည်နယ် ပလက်ဝမြို့နယ် စိမ်းစင်းကျေးရွာက ခူမီးအမျိုးသမီးတစ်ဦးကို အဓမ္မ ပြုကျင့်ပြီး ရေနစ်သတ်ဖို့ ကြံစည်ခဲ့တဲ့ အာရက္ခတပ်တော်- AA ရဲ့ အရာရှိတစ်ဦးနဲ့ ရဲဘော်တစ်ဦးကို ပွင့်လင်းမြင်သာမှုရှိအောင် အရေးယူဆောင်ရွက်ပေးဖို့ ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း- GKO က တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၅ ရက် မနက် ၉ နာရီခန့်က စိမ်းစမ်းရွာမှ ၂၃ နှစ်အရွယ် အိမ်ထောင်သည် နို့စို့ကလေးမိခင် ခူမီးအမျိုးသမီးဟာ ရွာနဲ့ ၁၀ မိနစ်ခန့် လမ်းလျှောက်ရတဲ့ ယာခင်းထဲ ဟင်း သွားခူးရာမှာ AA တပ်ဖွဲ့ဝင်နှစ်ဦးက အဓမ္မ ပြုကျင့်ပြီး ချောင်းထဲ ရေနစ်သတ်ဖို့ ကြံစည်ခဲ့တာပါ။

“စိမ်းစင်းရွာမှာ တာဝန်ကျတဲ့ AA အရာရှိနဲ့ ရဲဘော်တစ်ဦးတို့က ကျူးလွန်တဲ့ မုဒိမ်းမှုပါ။ ဖြစ်စဥ်က အမျိုးသမီးဟာ သူတို့ရဲ့ ယာခင်းထဲ ဟင်းခူးဖို့ သွားတယ်။ အဲအမျိုးသမီးက ပြန်မလာတော့ ယောက္ခမက ယာခင်းထဲကို လိုက်သွားတယ်။ အဲမှာ ချွေးမက မုဒိမ်းကျင့်ခံရပြီး ချောင်းထဲမှာ ရေနစ်သတ်နေတဲ့ AA ကို တွေ့တာ။ ယောက္ခမကလည်း ကြောက်လန့် အော်ဟစ်ငိုယို အကူအညီ တောင်းလို့ အသက်ဘေးမှလွတ်သွားတာဖြစ်တယ်” လို့ GKO တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒီဖြစ်စဉ်ဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင် ကျူးလွန်ထားတဲ့အမှု ဖြစ်တာကြောင့် ကြီးလေးတဲ့ ရာဇဝတ်မှုတစ်ခုဖြစ်သလို လူ့အခွင့်အရေး ချိုးဖောက်တာလည်း ဖြစ်တယ်တယ်လို့ GKO က ဆိုပါတယ်။

“မတရား မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးအတွက် တရားခံကို အရေးယူပေးစေချင်တယ်။ တရားခံအား အရေးယူရာမှာလည်း ပွင့်လင်းမြင်သာမှုရှိတဲ့ တရားစီရင်ရေး ဖြစ်စေချင်တယ်။ အမျိုးသမီးနဲ့ သူ့ဆွေမျိုးမိသားစုကိုလည်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိအောင် AA အနေနဲ့ ကာကွယ်စောင့်ရှောက် ကုစားပေးစေချင်တယ်” လို့ GKO တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် ပလက်ဝမြို့နယ်မှာ AA ထိန်းချုပ်တဲ့ ၁ နှစ်ကျော်ကာလ ၆ လအတွင်း အခုလို ကျုးလွန်တာ နှစ်ကြိမ်ရှိပြီဖြစ်သလို အများပြည်သူ မသိအောင် ဖွင့်မပြောရဲတဲ့ အမှုလည်း ရှိနိုင်သေးတယ်လို့ ဆိုပါတယ်။

“၆ လအတွင်းမှာ မုဒိမ်းမှု နှစ်ကြိမ်ဖြစ်တယ်။ အဲဒီမုဒိမ်းမှုဟာ သာမန်မဟုတ်ဘဲ ကျူးလွန်ပြီး အလောင်းဖျောက်ဖို့အထိ ကြံစည်နေကြတယ်။ ပြစ်မှုကျူးလွန်သူ တရားခံက မတူပေမဲ့ ဖြစ်စဥ်က အတူတူဖြစ်နေတယ်။ ဒါတွေကို ကြည့်မယ်ဆိုရင် ပလက်ဝမြို့နယ်မှာ အမျိုးသမီးတွေအတွက် လုံခြုံမှု မရှိသလို သူတို့အတွက် AA အနေနဲ့ လုံခြုံမှုလည်း ပေးနိုင်တဲ့ အခြေအနေမျိုး မရှိတာကို ပေါ်လွင်နေပါတယ်” လို့ GKO တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိ ပလက်ဝမြို့အဝင်မှာ အဓမ္မ ပြုကျင့်မှု ကျူးလွန်သူနှစ်ဦးကို အလိုရှိကြောင်း AA က ဆိုင်းဘုတ်နဲ့ ထုတ်ပြန်ပေမဲ့ စိမ်းစင်းရွာမှာ ကျူးလွန်ထားသူတွေ မဟုတ်ကြောင်း စိမ်းစင်းရွာမှာ ကျူးလွန်တဲ့ တရားခံနှစ်ဦးဟာ ကျေးရွာ AA စခန်းမှာ ရှိနေသေးပြီး ၎င်းတို့ကို ဒီနေ့အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်တာ မရှိသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၄ ရက်ကလည်း ပလက်ဝမြို့နယ် ဆမီးမြို့မှာ ချောင်းထဲ ဟင်းထွက်ရှာတဲ့ ကလေးမိခင် ခူမီးအမျိုးသမီးတစ်ဦးကို AA စခန်းအနီးမှာ အမည်မသိအဖွဲ့က အုပ်စုလိုက် အဓမ္မ ပြုကျင့်ပြီး ရိုက်နှက်ဒဏ်ရာနဲ့ သတိလစ်တဲ့ ခန္ဓာကိုယ်ကို ချောင်းကမ်းစပ်မှာ စွန့်ပစ်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။