ရဲမာန်၊ ဩဂုတ် ၁၃ ရက်၊ ဖားကန့်
တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ စက်သုံးဆီ ၁ ဂါလံကို ၇ သောင်းကျော်ထိ ဈေးပေါက်နေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
ဖားကန့်မြို့ရဲ့ ကုန်သယ်ရေးလမ်းကြောင်းနှစ်ခုထဲက ကာမိုင်းလမ်းကို ဖွင့်ထားပေမဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဆီဈေးတက်တာလို့ ၎င်းကပြောပါတယ်။
“ဆီဈေးက ၉ရက်နေ့မှ စတက်တာ။ ဓာတ်ဆီကားတွေ မဝင်လို့ ဈေးတက်တာပေါ့။ ဓာတ်ဆီစျေးကြီးပေမယ့် မသုံးမဖြစ်ဆိုတော့လဲ ဝယ်ရတာပဲလေ။ မီးလည်း လုံးဝမလာတာ ၁လ ကျော်သွားပြီ”
ဩဂုတ် ၉ ရက် မတိုင်ခင်က ဖားကန့်မြို့ရဲ့ ဓာတ်ဆီတစ်ဂါလံဈေး ၃၄၀၀၀ ကျပ်ဖြစ်ပြီး လက်ရှိမှာတော့ ၇၂၀၀၀ ကျပ်အထိ ဈေးပေါက်နေတယ်လို့ ဆိုပါတယ်။
“ပန့်ဆိုင်နဲ့ ဆိုင်ကြီးတွေအားလုံးပိတ်ထားတယ်။ လမ်းဘေးဆိုင်လေးတွေဘဲ ဖွင့်တာ။ မိန်းလမ်းဘေးက ချရောင်းတဲ့ ပုလင်းတွေကတော့ တစ်ပုလင်းကို ၁၅၀၀၀တဲ့။ တစ်ပုလင်းဆိုတာ Grand Royal ပုလင်းတွေပေါ့။ ၁လီတာ မပြည့်ဘူးလေ”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဖားကန့်မြို့ရဲ့ စားသောက်ကုန်စည်ဈေးနှုန်းဟာ ဆန်မာ ၂၄၀၀၀၀ ကျပ်၊ ချင်းတုံဆန် ၁၇၀၀၀၀ ကျပ်၊ ပဲဆီ တစ်ပုံး ၂၈၀၀၀၀ ကျပ်၊ ကြက်သားတစ်ပိသာ ၁ သိန်းကျပ်၊ ငါးတစ်ပိသာ ၈ သောင်းကျပ်နဲ့အတူ အခြားသောစားသောက်ကုန်စည်ရဲ့ ဈေးနှုန်းတွေကလည်း စံချိန်တင် ဈေးနှုန်းမြင့်တက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဖားကန့်မြို့မှာ လွန်ခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းတုန်းကလည်း စစ်ကောင်စီတပ်က စက်သုံးဆီတွေကို ကားနဲ့ သယ်ယူခွင့်မပြုတာကြောင့် စက်သုံးဆီ ၁ဂါလံကို ၈ သောင်းကျော်ထိ ဈေးပေါက်ခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။