လွေးဇွန်မိုး၊ ဩဂုတ် ၆ ရက်၊ ရေဖြူ
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့ အရှေ့ဘက်ခြမ်း ထိုင်း-မြန်မာ နယ်စပ်ရှိ နတ်အိမ်တောင်စခန်းဘက် စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ မွန်ပြည်တော်လှန်ရေးတပ်- MSRF ပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၄ ဦး သေဆုံးခဲ့တယ်လို့ MSRF က ထုတ်ပြန်ထားပါတယ်။
ဩဂုတ် ၄ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ်ကနေ ၂ နာရီအထိ အင်အား ၆၀ ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေ ကော့လှိုင်ရွာမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ MSRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောပါတယ်။
“ဒီတိုက်ပွဲက ရွာထဲမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ရွာစပ်ကြားမှာဖြစ်တယ်။ ပြီးတော့ နောက်တစ်ခုက ဒီဒေသမှာ ပြည်သူတွေအနေနဲ့ စစ်ရှောင်နေတာတော့ နည်းနည်းတော့ ကြာပြီ။ ၂ လလောက် ရှိပြီဖြစ်တဲ့အတွက်ကြောင့် အရပ်သား ထိခိုက်မှုကတော့ မရှိပါဘူး”
တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၄ ဦး သေဆုံးခဲ့သလို ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ပြီး စစ်တပ်က ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော် ၂ ဦး မစိုးရိမ်ရတဲ့ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ရဲ့ MA-4 ၁ လက်၊ ၆၀ မမ ဗုံးသီး ၄ လုံး၊ အီနာဂါဗုံးသီး ၂ လုံး၊ MA ကျည်ဘောက် ၇ ခုနဲ့ MA ကျည် ၁၀၀ ကျော်ကိုလည်း တော်လှန်ရေး အင်အားစုတွေက ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ စစ်တပ် စစ်ကြောင်းကို MSRF နဲ့ ကရင်တပ်မတော်- KNLA တပ်မဟာ(၆) တပ်ရင်း (၂၇)၊ ရာမညမွန်တပ်တော်- RMA၊ ဒေါနစစ်ကြောင်း ၂- YGF၊ ဒေါနစစ်ကြောင်း ၃-KBDF၊ ဗျူဟာ(၃၃) ဒေါနစစ်ကြောင်း စစ်ဆင်ရေးအဖွဲ့နဲ့ ကြယ်လင်းရောင်(ဆာကပေါ)တပ်ရင်း- KTLA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
နတ်အိမ်ထောင်စခန်းဟာ ရေဖြူမြို့နယ်ထဲကဖြစ်ပြီး ထိုင်းဘက် ပို့နေတဲ့ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ လမ်းတလျှောက်မှာ အရေးပါတဲ့ လုံခြုံရေးစခန်း ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။