မြတ်နိုး၊ မေ ၁၅ရက်
ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်/ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ရဲ့ ဥက္ကဌဟောင်း ဦးလညော်ဇောင်းဟရားဟာ ဒီနေ့ မေလ ၁၅ ရက်နေ့ မနက် ၇ နာရီ ကျော်ခန့်က ကွယ်လွန်သွားခဲ့ကြောင်း KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“အသက် ၈၇ နှစ်ပါ။ အသက်ကြီးပြီ။ အသက်ကြီးသွားလို့ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တာဝန် လွှဲပြောင်းပေးပြီး အနား ယူလိုက်တာပါ” လို့ KIA နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
လိုင်ဇာ ရပ်ကွက်(၁)ရှိ သူ့ နေအိမ်မှာ နာမကျန်းဖြစ်လို့ ဆုံးပါးသွားခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“အချိန်ကြာမြင့်စွာ နာမကျန်း ဖြစ်လို့ ဆုံးပါးတာပါ။ ဒီမနက် ၇ နာရီ ၁၅ လောက်မှာ။အသက်လည်း ကြီးပြေလေ” လို့ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
၁၉၆၀ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်က ဘွဲ့ရခဲ့ပြီး ၁၉၆၄ ခုနှစ်ကစ KIA တပ်ထဲ ဝင်ရောက်လာတာဖြစ်ပြီး KIO/KIA ဥက္ကဌ တာဝန်ကိုတော့ ၂၀၀၆ ဇူလိုင်လ ကနေ ၂၀၁၇ ဒီဇင်ဘာလ အထိ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။