မိုင်းအရှိုင်း၊ ဇူလိုင် ၂၈ ရက်၊ ပင်းတယ
ရှမ်းတောင်၊ ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာနဲ့ သိမ်းကုန်းကျေးရွာမှာ တောင်ကျရေကနေတစ်ဆင့် ရေကြီးမှုဖြစ်ပွားနေပြီး ရေနစ်မြုပ်သေဆုံးသူရှိနေသလို နေအိမ်တွေလည်း ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
ဒီနေ့ ဇူလိုင် ၂၈ ရက် မနက်ခင်းပိုင်းမှာ ဒေသခံတစ်ဦးက ရေနစ်မြုပ်ပြီး သေဆုံးနေတဲ့လူအလောင်းရဲ့ ဓာတ်ပုံနဲ့တကွ ရွှေဖီမြေကို သတင်းပေးပို့လာပါတယ်။
“မနေ့ညက ရုတ်တရက်ကြီး။ မိသားစုလိုက်ရေမျှောသေတာရှိတယ်။ လောလောဆယ် စုစုပေါင်း ၆ ယောက်သေတယ်။ တစ်ယောက်ကိုတော့ ရှာနေဆဲ။ သေတာက ကုန်းစောင်းရွာ။ သိမ်းကုန်းရွာက လူမသေဘဲ စိုက်ခင်းတွေပဲပျက်စီး”
နေအိမ်ကတော့ ၇၀နီးပါး ရေထဲမျှောပါသွားခဲ့တယ်လို့ ဆိုပါတယ်။ ကုန်းစောင်းကျေးရွာမှာ အိမ်ခြေ ၅၀ ဝန်းကျင်ရှိပြီး ရေတိုက်စားမှုကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့တယ်လို့ သူက ဆက်ပြီးပြောပါတယ်။
ဒါ့အပြင် ဒီနေ့ ဇူလိုင် ၂၈ ရက်မှာ ရှမ်းတောင် ရွာငံမြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြိုင်ရွာတကြောမှာလည်း ရေမြင့်တက်လာတာကြောင့် ကားတွေ ဖြတ်သန်းသွားလာလို့ မရဘူးလို့ ဒေသခံတွေ ရွှေဖီကို ပြောလာကြပါတယ်။
ဇူလိုင်လအတွင်း ရှမ်းပြည်နေရာအနှံ့အပြားမှာ ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး နမ့်ခမ်း၊ လောက်ကိုင်၊ မိုင်းပေါက်၊ ပန်ဆန်း၊ တာချီလိတ်၊ ကလော၊ ပင်းတယ စတဲ့မြို့နယ်တွေမှာ တောင်ကျရေကြီးလျှံလာမှုကြောင့် လူနေအိမ် ပျက်စီးတာတွေရှိနေသလို လူသေဆုံးမှုလည်း မြင့်တက်လာနေဆဲဖြစ်ပြီး ထိခိုက်သေဆုံးမှုစာရင်းကိုတော့ ရွှေဖီမြေအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက်ဖတ်ရှုနားဆင်နိုင်ပါတယ်။