ယာရူစိင်၊ စက်တင်ဘာ ၂၄ ရက်၊ ဖားကန့်
ကချင်ပြည် ဖားကန့်မြို့နယ် မနကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ စက်တင်ဘာ ၂၄ ရက် မနက်အစောပိုင်း လူအိပ်မောကျချိန် ၁ နာရီဝန်းကျင်နဲ့ ၄ နာရီဝန်းကျင်မှာ ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု မနကျေးရွာကို စစ်ကောင်စီတပ်က ဖားကန့် ဗျူးဟာကုန်းကနေ လက်နက်ကြီးတွေ ပစ်ခတ်လိုက်တာဖြစ်ပါတယ်။
“၁ နာရီဝန်းကျင်တုန်းက ၁ ယောက်ထိတယ်။ နောက်တခေါက်ကျ ၄ ယောက်ထိတယ်။ မနေ့ညကဆိုလည်း တညလုံးပစ်နေတာ။ စစ်တပ်က ရမ်းသမ်းပစ်တာပါ။ တစ်ယောက်ကတော့ လည်ပင်နည်းနည်း ရှပ်ထိသွားတာ။ ကျန်တဲ့၃ယောက်က အကုန်လုံးခြေထောက်တွေပဲထိတာ။ မနက်ဖြစ်ဖြစ်ချင်း ၄နာရီကျော်ကတည်းက ဒဏ်ရာရသူတွေကို ဆေးရုံပို့လိုက်ကြပြီ။ နောက်တစ်ယောက်တော့ ခြေထောက်ထိတာ”လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှာလည်း ဖားကန့်မြို့နယ် ဆိပ်မူအုပ်စုကျောက်သွေးတောင်ကျေးရွာကွက်သစ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သားအဖ ၂ ဦးသေဆုံးခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက် မနက် ၉ နာရီခွဲမှာလည်း ဖားကန့်မြို့နယ် မရှီကထောင်အုပ်စု ထုံးဘိုကျေးရွာအတွင်းကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သားအမိ ၂ ဦး သေဆုံးခဲ့ပါတယ်။
ဖားကန့်မှာ စစ်ကောင်စီတပ်က နေ့စဉ်လိုလို လက်နက်ကြီးနဲ့ ဒရုန်းအပါအဝင် ပစ်ခတ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ်ဆက်တိုက် ရှိနေပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့KIAတပ်တို့အကြား စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။