မိုင်းရူပ၊ နိုဝင်ဘာ ၃ ရက်၊ ဒီးမော့ဆို
ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ ကရင်နီပြည်ရဲဌာန (KSP) ရုံးကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခံရပြီး ၅ ဦး သေဆုံးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ဒီနေ့ နိုဝင်ဘာ ၃ ရက် မနက် ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဒီးမော့ဆိုအနောက်ခြမ်းမှာရှိ KSP ရုံးနေရာတည့်တည့်နေရာကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပါတယ်။
“KSP ရုံးတည့်တည့်ကို ကြဲတာ။ နေရာအတိအကျ ရနေသလိုပဲ။ အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၁ ယောက် သေတယ်” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကရင်နီတော်လှန်ရေးတပ်တွေဘက်ကတော့ KSP ရုံး ဗုံးကြဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်ကောင်စီဟာ ဒီးမော့ဆိုအနောက်ခြမ်းကို ပြန်ရဖို့ ထိုးစစ်ဆင်တာတွေ ပြုလုပ်နေသလို လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြေပြင်အခြေအနေ သိရှိသူတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး လူထုတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ KNDF က တိုက်တွန်းထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။