ဓာတ်ပုံ- CJ

အိုက်ပွီး၊ ဧပြီ ၁၈ ရက်၊ မတူပီ

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပါစတာတစ်ဦးအပါအဝင် အရပ်သား ၅ ဦး ဒဏ်ရာရပြီး လူနေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မနေ့ ဧပြီ ၁၇ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ မတူပီမြို့ထဲတစ်နေရာနဲ့ မြို့အနီးဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်ခန့် ပြုလုပ်သွားတာပဲ ဖြစ်ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါစတာတစ်ဦးဟာ ခြေတစ်ဖက် ပြတ်ထွက်သွားပြီး ပြင်းထန်ဒဏ်ရာရကာ နောက်ထပ် နှစ်ဦးကလည်း ပြင်းထန်ဒဏ်ရာနဲ့ အရေးပေါ်လူနာဖြစ် ဆေးကုသမှု ခံယူနေရပါတယ်။

မတူပီဒေသခံတစ်ဦးက “ပြင်းထန်ဒဏ်ရာရတဲ့ သုံးယောက်က ပါစတာ မိသားစုဝင်တွေပါ။ ပါစတာရယ် သူ့ဇနီးနဲ့ သမီးတွေ ဖြစ်ပါတယ်။ ပါစတာကတော့ ခြေတစ်ဖက် ပြတ်သွားတယ်။ သုံးယောက်လုံး အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်။ ဒဏ်ရာတွေ ပြင်းထန်နေတာကြောင့် စိုးရိမ်ရတယ်” လို့ ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် လေကြောင်း တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းအပါဝင် နေအိမ် ၅ လုံးထက်မနည်း ဗုံးထိမှန်ပျက်စီးသွားပါတယ်။

မတူပီမြို့ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်မှာ ချင်းညီနောင်နဲ့ AA ပါဝင်တဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိခဲ့ပြီးနောက် မြို့သိမ်းတိုက်ပွဲအတွင်း တိမ်းရှောင်နေကြတဲ့ ဒေသခံတွေဟာ မြို့ထဲ ပြန်လည် နေထိုင်ကြပြီလို့ သိရပါတယ်။

မတူပီမြို့အပါအဝင် မင်းတပ်၊ ကန်ပက်လက် စတဲ့မြို့နယ်မှာလည်း စစ်တပ်က ဒီရက်ပိုင်းတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေပါတယ်။

“အရင်ရက်တွေကတည်းက မတူပီမှာ တောက်လျှောက် လေယာဉ်တွေ လာနေတယ်။ ဒါပေမဲ့ ဗုံးကြဲတာတွေက မရှိသေးဘူး။ မနေ့ကပဲ ဗုံးကြဲသွားတာပါ။ မြို့ထဲမှာ အရပ်သားတွေ ပြန်နေကြပြီ။ အခုလို လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သူတို့တွေလည်း စိုးရိမ်နေကြပါတယ်” လို့ မတူပီဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၄ နှစ်ကုန်ပိုင်းလောက်ကလည်း မတူပီမြို့မှာ မကြာခဏ လေကြောင်း တိုက်ခိုက်တာ ခံရပြီး လူနေအိမ်နဲ့အဆောက်အဦးတွေ ပျက်စီးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။