ရဲမာန်၊ ဒီဇင်ဘာ ၁၃ ရက်၊ ဘီလင်း
မွန်ပြည်နယ် ဘီလင်းမြို့နယ် ဖိုးဝသိမ်းရွာကို မဝင်ရောက်ခင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၁၂ ရက် နေ့လယ် ၂ နာရီမှာ သံတံတားကနေ လက်နက်ကြီး ပစ်ခတ်ခဲ့လို့ ၂ ဦးသေဆုံးခဲ့ပြီးနောက် ဖိုးဝသိမ်းရွာကို ဝင်ရောက်ပြီးနောက်ထပ် ဒေသခံ ၃ ဦးကိုလည်း ထပ်မံဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
“စစ်ကြောင်းထိုးလာတယ်။ စစ်ကြောင်းထိုးလာတဲ့အချိန် ဒီဘက်က တော်လှန်ရေးတပ်က ပစ်တာပေါ့နော်။ အဲအခါကျတော့ ရွာထဲကို လက်နက်ကြီးပြန်ပစ်တာပေါ့နော်။ လက်နက်ကြီးနဲ့ ပစ်တော့ ရွာသား ၂ ယောက်သေတယ်။ ပြီးတော့ မနေ့ကဘဲ ဖိုးဝသိမ်းရွာထဲက ၃ ယောက်ကို ဖမ်းသွားပြီး သတ်လိုက်တယ်”
အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေကတော့ အသက် ၅၃ နှစ်အရွယ် ဦးကြည်လွင်နဲ့ အသက် ၅၀ အရွယ် ဦးမောင်လုံးတို့ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အလားတူ စစ်ကောင်စီတပ်က ဘီလင်းမြို့နယ် အလူးကြီးရွာကို အင်အား ၁၀၀နဲ့ စစ်ကြောင်းထိုးပြီး လူငယ် ၁၀ ဦး ဖမ်းဆီးသွားခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“အလူးကြီးက ဖမ်းသွားတဲ့ လူငယ်တွေကိုတော့ ပြန်လွတ်လိုက်ပြီ။ အဲ့စစ်ကြောင်းက ပြန်ဆင်းလာမယ်ကြားတယ်။ ဘယ်ဘက်ကို ပြန်ဆင်းမှာလဲတော့ မသိဘူး”
ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် ည ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဘီလင်းမြို့နယ် ပျဉ်းမပင်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၅ ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။