ယာရူစိင်၊ အောက်တိုဘာ ၁၆ ရက်၊ သီပေါ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့တွင်းထဲရှိ ဌာနဆိုင်ရာနဲ့ ဒေသခံနေအိမ်တွေ မီးလောင်မှု ဖြစ်ပွားနေတယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အခုက ကွက်ကြား တိုက်ပွဲဖြစ်နေတာ။ စစ်ကောင်စီဘက်က မြို့လယ်အထိ ရောက်လာပြီ။ လက်နက်ကြီးကျလို့ မီးလောင်တဲ့နေရာတွေက များတာပါ”လို့ ဆိုပါတယ်။
လက်ရှိမှာ သီပေါမြို့ရှိ အကျဉ်းထောင်၊ စိုက်ပျိုးရေးရုံ၊ မြေစာရင်းရုံး၊ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ ဒေသခံ နေအိမ်တွေ မီးလောင်မှု ဖြစ်ပွါးနေတာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေဟာ စစ်ကောင်စီတပ်က သီပေါမြို့ကို ပြန်ရဖို့နီးစပ်နေပြီး သီပေါမြို့ကို လက်လွှတ်ခဲ့ရရင် တအာင်းတပ်က ထိန်းချုပ်ထားတဲ့ မြို့နယ်ထဲက လက်လွှတ်ခဲ့ရတဲ့ မြို့ ၃ မြို့မြောက် ဖြစ်လာပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကို ရပြီးနောက် ကျောက်မဲမြို့ဘက် ထိုးစစ်ဆင်ကာ ကျောက်မဲမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှာ ပြန်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပြီး သီပေါမြို့ဘက်ကို ဆက်တိုက် ပြန်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ သီပေါမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မှုနဲ့အတူ တအာင်းတပ် ထိန်းချုပ်ဒေသအများအပြားကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေပြီး ၂ပတ်အတွင်း သေဆုံးသူ ၃၀ကျော်ရှိလာပြီ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။